ဖားကန့်တွင် အိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ထပ်ကျ၊ ကလေး ၂‌ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာရ

ဓာတ်ပုံ - ကို Tarlin Mg
ပုံစာ - လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့် ကလေးငယ် ၂ဦး။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက် ကွဲသဖြင့် ကလေးငယ် ၂ဦးသေဆုံးပြီး အမျိုးသမီး၈ဦး အပါအဝင် ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၃ရက်) နံနက် ၁၀နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ ကာလီချောင်ရွာအနီးရှိ နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အသက် ၇နှစ်အရွယ် မောင်အောင် တည်ကြည်ဖြူနှင့် အသက် ၁၃နှစ်အရွယ် မောင်ဆွတ်ဂျာအောင်တို့ သေဆုံးခဲ့ကြောင်းသိရသည်။

” အဲ့နားမှာက သူကပြောမယ်ဆိုရင် မိသားစုများတဲ့ အိမ်ကိုသွားကျတာ။ မိသားစုက ၈ယောက်ရှိ တယ်လို့ သိရတယ်။ အဲ့မှာ ၆ယောက်ထိသွားတာ။ မိသားစုတစ်စုတည်းကိုပဲနော်။ မိသားစုတစ်စု တည်းကိုပဲ ၈ယောက်ရှိတဲ့ဟာမှာ ၆ယောက်ထိသွားတာ။ အဲဒါပြီးတော့ လမ်းသွားလမ်းလာနဲ့ ဘေးအိမ်နီးနားချင်းတွေရော ထိတာပေါ့နော်။ အဲ့လိုဖြစ်သွားတာ” ဟု ဖားကန့်မြို့ခံ ကို Tarling Mg က MPAသို့ပြောသည်။

ဒဏ်ရာရ အမျိုးသမီး ၈ဦးနှင့် အမျိုးသား ၄ဦးထဲတွင် ၁၁နှစ်အောက် မိန်းကလေး ၄ဦးနှင့် ၃နှစ်အရွယ် ယောင်္ကျားလေး တစ်ဦးတို့ ပါဝင်ကြောင်းသိရသည်။

” ၁၂ ယောက်စလုံး အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူးဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ နံနက် ပိုင်းကလည်း ဖားကန့်မြို့နယ်၊ အမှိုက်ပုံရွာ၊ မြိုကုန်းရှိ အိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက် ၂နှစ်အရွယ်ယောက်ကျာ်းလေးတစ်ဦးနှင့် ၎င်း၏ မိဘများ ဒဏ်ရာရရှိခဲ့သေးသည်။

ဇန်နဝါရီ ၃၀ရက်မှစပြီး တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာဘက်သို့ စစ်တပ်က စစ်ကြောင်းထိုးနေသလို အမှိုက်ပုံကျေးရွာ၌လည်း KIA/KPDFနှင့် လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုများ ဖြစ်နေကြောင်းသိရသည်။

စာတည်း-ML