စစ်ကော်မရှင်လက်အောက်ခံ တပ်ရင်းခြောက်ရင်း ဧရာ၀တီတိုင်း-ရခိုင် အစပ် ၊ မကွေးတိုင်း-ရခိုင်အစပ် မြို့နယ်များကို ထိုးစစ်ဆင်သော်လည်း AA ပူးပေါင်းတပ်ဖွဲ့များ၏ ခုခံမှုကြောင့် စစ်သား ၇၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။
စကခ ၁၇ လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ ၅၇၄၊ ခမရ ၅၆၉၊ ခမရ ၅၇၅၊ ခမရ ၅၇၇၊ ခမရ ၅၂၀ နှင့် ခလရ ၂၉၅ တပ်ရင်းတို့အပြင် အတင်းအဓ္ဓမ စစ်သားစုဆောင်းခံခဲ့ရသူများဖြင့် စုပေါင်းထားသည့် စစ်တပ်သည် စက်တင်ဘာ ၄ရက်မှ စတင်ကာ ထိုးစစ်ဆင်မှုများပြုလုပ်လာခြင်းဖြစ်သည်ဟု အာရက္ခတပ်တော် -AA က စက်တင်ဘာ ၁၀ရက်တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ခန့် အကွာတွင် နှစ်နာရီကျော်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကခ ၁၇လက်အောက်ခံ တပ်ရင်းများ အထိနာခဲ့သည့်အတွက် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက် ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်သည့် ခလရ ၂၉၅ တပ်ရင်းသည် စက်တင်ဘာ ၇ရက်၌ ဒုတိယစစ်ကြောင်း ဖြင့် ထပ်မံ ထိုးစစ်ဆင်ခဲ့သည်ဟု AA က ဆိုသည်။
အဆိုပါစစ်ကြောင်းသည် စွန်တက်ကျေးရွာ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ခန့်အကွာ တွင် AA တပ်ဖွဲ့များ၏ ရှစ်နာရီကြာ တိုက်ခိုက်မှုကြောင့် ၆၀ ကျော်သေဆုံးခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ပြီး ကစဉ့်ကလျား ထွက်ပြေးသွားသည့် စစ်တပ်ကိုလည်း လိုက်လံချေမှုန်းနေကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ ၇့က်နေ့တွင်လည်း စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀ခန့်အကွာ၊ နတ်ရေကန်ကုန်း၏ တောင်ဘက် ဝေဠုဝန်ကျောင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကိုလည်း သုံးနာရီခန့်တိုက်ခိုက်ခဲ့ရာ မျက်မြင် စစ်သား ၁၀ ဦးသေဆုံးပြီး ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်ရှိ စစ်ကော်မရှင်သည် ဧရာ၀တီတိုင်း-ရခိုင်အစပ်(စက်စက်ယိုရွာအနီး ပတ်ဝန်းကျင်)၊ ပဲခူး-ရခိုင်အစပ်( ဆင်လမ်ရွာ အနီး)၊ နေရာများနှင့် ရိုးမတောင်အစပ်နေရာများသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ယခုကဲ့သို့ တိုက်ပွဲများအတွင်း စစ်ကော်မရှင်၏ အဓ္ဓမ စစ်သာစုဆောင်းခံရသည့် ရဲဘော်သစ်များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရမည်ဖြစ်ပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်မည့်အပြင် မိသားစုထံသို့လည်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ သို့မဟုတ် AA တပ်ဖွဲ့တွှု် တာဝန်ဆောင်လိုပါကလည်း ကူညီဆောင်ရွက်ပေးမည်ဟု AA က ဖိတ်ခေါ်ထားသည်။
