ဖားကန့်တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သား ၄ ဦးကို KIA ပူးပေါင်းတပ် ဖမ်းမိ

ဓာတ်ပုံ - လူမှုကွန်ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သား ၄ဦးကို KIA ပူးပေါင်းတပ်က ဖမ်းမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၄ရက်၊ မွန်းလွဲပိုင်းတွင် ယင်းစစ်မှုထမ်းတပ်သား ၄ဦးကို ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာ အနီး၌ KIA ပူးပေါင်းတပ်က မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” လက်နက်မပါဘဲ ရေမဆေးကျောက်သမားလို ဟန်ဆောင်ထွက်ပြေးလာတာ။ သူတို့ကြည့်ရတာ နယ်မြေလည်းမကျွမ်း၊ မျက်နှာစိမ်းလည်းဖြစ်တော့ မသင်္ကာလို့ ဖမ်းစစ်လိုက်မှ ပစ(စစ်မှုထမ်းတပ်သား)တွေမှန်းသိတာ။ အမှိုက်ပုံ ( ရွာ ) ကို တော်လှန်ရေးတပ်တွေက စီးမိသွားပြီလို့ပြောတယ်။ ဝင်စီးထားတော့ ဘေးနားကနေရာတွေကို ကာထားတာရှိတယ်။ ကာထားတဲ့နေရာနားကို ရောက်လာတာ။ သူတို့ကတော့ ထွက်ပြေးလာတယ်လို့ပြောတာပဲ။ ဒါပေမဲ့ စစ်‌ဆေးနေတုန်းပါ။ သတင်းလာယူတာလား၊ ထောက်လှမ်းရေး လာလုပ်တာလား။ စစ်ဆေးနေတယ်” ဟု ဖားကန့်မြို့ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။

ဇန်နဝါရီ ၃ရက်တွင် အမှိုက်ပုံကျေးရွာကို KIA ပူးပေါင်းတပ်က ပြန်လည်ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး ယင်းရွာသည် ဖားကန့်ဗျူဟာကုန်း၏ အနောက်ဘက်တောင်ပေါ်ရှိ ကျေးရွာတစ်ရွာဖြစ်သည်။
” အမှိုက်ပုံက ၂၀၂၅ ဇွန်လအစောပိုင်းလောက် စစ်ကြောင်းတွေ ဖားကန့်ကို ထပ်တိုးရောက်လာတယ်။ ရောက်လာပြီး တိုက်ပွဲတွေဖြစ်တော့ တော်လှန်ရေးဘက်က ပြန်ဆုတ်ပေးလိုက်ရတာပါ။ အဲဒီရွာမှာ စစ်ကောင်စီက နေရာယူထားပေမဲ့ အဲနားပတ်ဝန်းကျင်မှာ တော်လှန်ရေးအဖွဲ့တွေ သူတင်ကိုယ်တင်ရှိနေကြတယ်။ ဒီလ ၃ ရက်နေ့မှာ ဝင်စီးပြီး ပစ်ကြခတ်ကြရင်း တော်လှန်ရေးဘက်က ပြန်ထိန်းချုပ်သွားတဲ့ အနေအထားပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့(ဖေဖေါ်ဝါရီ၅ရက်) နံနက် ၉ နာရီခန့်မှစ၍ မွန်းတည့်ချိန်အထိ ဖားကန့်မြို့နယ်၊ ထုံးဘိုကျေးရွာ၊ ဆုတောင်းကုန်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဇန်နဝါရီ ၃၀ရက် ညနေပိုင်းမှစ၍ ယနေ့အထိ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရှောင် ပြည်သူ ၅၀၀ ထက်မနည်း ရှိကြောင်း သိရသည်။