လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သူ ဂျက်ဖရီ အက်ပ်စတိန်းနှင့် ပတ်သက်မှုရှိခဲ့ခြင်းကြောင့် မိမိအပေါ် စိတ်ပျက်ခဲ့ကြသူအားလုံးကို နော်ဝေအိမ်ရှေ့မင်းသမီး မက်တာ မာရစ် က တောင်းပန်လိုက်သည်။
တော်ဝင်မိသားစု၏ ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်သည့် ကြေညာချက်၌ “အထူးသဖြင့် ဘုရင်ကြီးနှင့် မိဖုရားကြီး အပါအဝင် တော်ဝင်မိသားစုတစ်ခုလုံးကို အခက်တွေ့စေခဲ့သည့် အခြေအနေများအတွက် စိတ်မကောင်းဖြစ်ရပါသည်” ဟု မင်းသမီးက ဆိုသည်။
“ကျွန်မကြောင့် စိတ်ပျက်ခဲ့ရသူ အားလုံးကို တောင်းပန်ဖို့က ကျွန်မအတွက် အရေးကြီးပါတယ်။ အက်ပ်စတိန်းနှင့် ကျွန်မအကြား ပေးပို့ခဲ့သည့် မက်ဆေ့ချ်များထဲမှ အချို့သောအကြောင်းအရာများသည် ကျွန်မဖြစ်ချင်သည့် ပုံရိပ်ကို ကိုယ်စားမပြုပါ” ဟု ၎င်းက ပြောကြားသည်။
“အက်ပ်စတိန်းဖိုင်များ” ဟု လူသိများသည့် ဂျက်ဖရီ အက်ပ်စတိန်းနှင့် ပတ်သက်သော နောက်ဆုံးထွက်ရှိလာသည့် စာရွက်စာတမ်းတွဲများကို အမေရိကန် တရားရေးဝန်ကြီးဌာနက ပြီးခဲ့သည့်အပတ်ကထုတ်ပြန်ခဲ့သည့် စာရွက်စာတမ်းများထဲတွင် မက်တာ မာရစ်၏ အမည်ကို အကြိမ်ပေါင်း ရာနှင့်ချီ၍ ဖော်ပြထားသည်။
ယင်းတွင် အက်ပ်စတိန်းနှင့် အပြန်အလှန် ပေးပို့ထားသည့် အီးမေးလ်များ ပါဝင်ခဲ့သည်။
အက်ပ်စတိန်းသည် ၂၀၀၈ ခုနှစ်တွင် အရွယ်မရောက်သေးသူအား ပြည့်တန်ဆာပြုရန် စည်းရုံးမှုဖြင့် ပြစ်ဒဏ်စီရင်ခံရပြီးနောက်ပိုင်းတွင်ပင် ၎င်းတို့နှစ်ဦးအကြား မမျှော်လင့်ထားလောက်အောင် ရင်းနှီးသည့် ဆက်ဆံရေး နှစ်ရှည်လများ ရှိခဲ့ကြောင်း ပေါ်လွင်နေသည်။
မက်တာ မာရစ်သည် ၂၀၁၉ ခုနှစ်တွင် အက်ပ်စတိန်းနှင့် ဆက်သွယ်မှုရှိခဲ့ကြောင်း ဝန်ခံခဲ့ပြီး၊ မိမိအနေဖြင့် “ဝေဖန်ပိုင်းခြားနိုင်စွမ်း အားနည်းခဲ့ကြောင်း” အက်ပ်စတိန်းနှင့် ဆက်သွယ်မှုရှိခဲ့သည့်အပေါ် နောင်တရကြောင်း နော်ဝေမီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။
“ဒါဟာ တကယ်ကို ရှက်စရာကောင်းတဲ့ ကိစ္စပါ” ဟု ၎င်းက ဆိုခဲ့သည်။
နော်ဝေတော်ဝင်မိသားစုသည် နိုင်ငံအတွင်း ယေဘုယျအားဖြင့် လူကြိုက်များသော်လည်း၊ မက်တာ မာရစ်သည် ၂၀၀၁ ခုနှစ်တွင် အိမ်ရှေ့မင်းသား ဟားကွန်နှင့် လက်ထပ်စဥ် ယခင်က ပြစ်ဒဏ်ကျခံဖူးသည့် မူးယစ်ရာဇဝင်ရှိသူများနှင့် ပတ်သက်မှုရှိခဲ့ခြင်းကြောင့် ဂယက်ရိုက်ခတ်မှုများ ရှိခဲ့သည်။
ပြီးခဲ့သည့်အပတ်က ထွက်ပေါ်လာသည့် သတင်းသစ်များကြောင့် အလုပ်သမားလူတန်းစား မိသားစုမှ မွေးဖွားလာသူ မက်တာ မာရစ်အနေဖြင့် နိုင်ငံ၏ မိဖုရားကြီးဖြစ်ရန် သင့်တော်မှု ရှိ၊ မရှိ နော်ဝေနိုင်ငံအတွင်း မေးခွန်းထုတ်မှုများ ပြန်လည်မြင့်တက်လာသည်။
မင်းသမီး၏ ယခင်အိမ်ထောင်နှင့် ရရှိခဲ့သော အသက် ၂၉ နှစ်အရွယ် သားဖြစ်သူ မာရီးယပ်စ် ဘော့ဂ် ဟွိုင်ဘီ သည်လည်း လက်ရှိတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် မုဒိမ်းမှု အပါအဝင် စွဲချက်ပေါင်း ၃၈ ခုဖြင့် တရားရင်ဆိုင်နေရသည်။
ဟွိုင်ဘီသည် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်မှု၊ ရည်စားဟောင်းများကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုတို့ဖြင့် စွပ်စွဲခံထားရသည်။
