ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် နှစ်စဉ်ပေးသွင်းရမည့် အဖွဲ့ဝင်ကြေးများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တာဝန်ယူပေးသွင်းနေသည့်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကုလသမဂ္ဂတွင် မဲပေးခွင့် ဆက်လက်ရရှိနေမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက NUG အာဘော် PVTV သတင်းဌာနတွင် ဖြေကြားထားသည်။
အကြမ်းဖက်စစ်အုပ်စုက အာဏာလုယူရန် ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အကုန်အထိ မဲပေးခွင့်မဆုံးရှုံးစေရန် ကုလသမဂ္ဂရုံးသို့ စုစုပေါင်း သုံးကြိမ်တိတိ ပေးသွင်းခဲ့ပြီးဖြစ်ရာ ဤလုပ်ဆောင်ချက်သည် တော်လှန်ရေးအတွက် နိုင်ငံတကာမျက်နှာစာတွင် အရေးပါသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူတစ်ဦးက “ကုလသမဂ္ဂမှာ မဲပေးခွင့်ရှိနေခြင်းဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဘယ်သူက အမှန်တကယ် ကိုယ်စားပြုသလဲဆိုတာကို ပြသနေတာပါ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာဟာ စစ်အုပ်စုအတွက်တော့ ဆူးတစ်ချောင်းလို ဖြစ်နေပါတယ်။ NUG က အဖွဲ့ဝင်ကြေးကို ပြည်သူ့ရန်ပုံငွေနဲ့ ပေးသွင်းနိုင်တာဟာ ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေကို ကျွမ်းကျင်စွာ အသုံးချပြီး စစ်အုပ်စုရဲ့ ကိုယ်စားပြုခွင့် ကြိုးပမ်းမှုကို အဆုံးထိ ပိတ်ဆို့ထားနိုင်တာပဲ ဖြစ်တယ်” ဟု ပြောသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ပြောကြားချက်အရ တော်လှန်ရေးစတင်ပြီးနောက်ပိုင်း ပထမတစ်ကြိမ်တွင် အဖွဲ့ရုံးရန်ပုံငွေဟောင်းမှ ဒေါ်လာ ၃ သိန်းကျော်ကို ပေးသွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များတွင်မူ NUG မှတစ်ဆင့် ပေးပို့လာသော ပြည်သူများလှူဒါန်းသည့် ရန်ပုံငွေများကို မြန်မာအဖွဲ့ရုံး နယူးယောက်အကောင့်မှတစ်ဆင့် ကုလသမဂ္ဂသို့ နှစ်စဉ်ပေးသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဤသို့ စနစ်တကျပေးသွင်းနိုင်ခြင်းကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကုလသမဂ္ဂတွင် မဲပေးခွင့်ကို ၂၀၂၆ ခုနှစ်ကုန်အထိ ဆက်လက်ရရှိနေမည်ဖြစ်ရာ ၎င်းမှာ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံတကာဆက်ဆံရေး ခိုင်မာမှုကို ပြသနေခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းနိုင်ငံရေး လေ့လာသူတစ်ဦးက “ပြည်သူတွေရဲ့ သွေးချွေးနဲ့ လှူဒါန်းထားတဲ့ ငွေတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်ကြေးအတွက် သုံးစွဲတာဟာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ၊ မဲပေးခွင့်ရှိခြင်းဟာ စစ်အုပ်စုက ကုလသမဂ္ဂမှာ တရားဝင်မှုရဖို့ ကြိုးစားနေတဲ့ လမ်းကြောင်းကို တဖက်တလမ်းကနေ အမြဲတမ်း ပိတ်ပင်ထားနိုင်တာပါ။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ အသံကို ကမ္ဘာက အစဉ်တစိုက် ကြားနေရဖို့အတွက် ဒီရုံးခန်းနဲ့ ဒီနေရာက အဓိက အသက်သွေးကြောပဲ ဖြစ်တယ်” ဟု ဆိုသည်။
ကုလသမဂ္ဂသို့ နှစ်စဉ်ပေးသွင်းရသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ သိန်းကျော်ရှိပြီး မြန်မာနိုင်ငံ၏ အခြေအနေအရ အခြားနိုင်ငံများနှင့်ယှဉ်လျှင် နည်းပါးသည်ဟု ဆိုနိုင်သော်လည်း တော်လှန်ရေးကာလအတွင်း ရုန်းကန်နေရသည့် အခြေအနေတွင်မူ များပြားသည့် ပမာဏဖြစ်ကြောင်း သံအမတ်ကြီးက ဝန်ခံထားသည်။
ကုလသမဂ္ဂ စည်းမျဉ်းများအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသည် နှစ်နှစ်ဆက်တိုက် အနည်းဆုံးပေးသွင်းရမည့်ငွေကို မပေးသွင်းနိုင်ပါက မဲပေးခွင့်အလိုအလျောက် ဆုံးရှုံးမည်ဖြစ်ရာ၊ ယခုကဲ့သို့ အဖက်ဖက်မှ ကြိုတင်စဉ်းစားကာ လုပ်ဆောင်နေခြင်းမှာ မဟာဗျူဟာမြောက်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။
ဝါဒဖြန့်မှု ဆန့်ကျင်ရေး ကျွမ်းကျင်သူတစ်ဦးက စစ်ကော်မရှင်၏ စွပ်စွဲချက်များအပေါ် “ဒေါ်လာ ၂ဒဿမ၆ သန်း ဇာတ်လမ်းဟာ စစ်အုပ်စုရဲ့ အရှုံးကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့ လုပ်ကြံဖန်တီးမှု သက်သက်ပဲ၊ နယူးယောက်လို နေရာမျိုးမှာ ဘဏ်စနစ်ကို အမေရိကန်အစိုးရက ထိန်းချုပ်ထားတာပါ။ သံအမတ်ကြီးက လစာတောင်မယူဘဲ လုပ်နေတာကို ငွေခိုးတယ်လို့ စွပ်စွဲတာဟာ သာမန်ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ဝါဒဖြန့်တာ ဖြစ်သလို၊ သံအမတ်ကြီးရဲ့ ဂုဏ်သိက္ခာကို တိုက်ခိုက်ခြင်းအားဖြင့် ကုလသမဂ္ဂမှာ မြန်မာ့ကိုယ်စားပြုမှုကို ဖျက်ဆီးချင်တာပါ” ဟု သုံးသပ်သည်။
အမှန်စင်စစ်တွင် နယူးယောက်ရှိ မြန်မာသံရုံးဘဏ်အကောင့်များကို အမေရိကန်အစိုးရက ထိန်းချုပ်ထားသဖြင့် မည်သူမျှ စိတ်ကြိုက်ထုတ်ယူရန် မဖြစ်နိုင်သည်မှာ လက်တွေ့ကျသော အခြေအနေဖြစ်ကာ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းအပေါ် စစ်ကော်မရှင်လော်ဘီများက ခိုးယူသုံးစွဲနေသည် ဟု အပုပ်ချနေခြင်းမှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်သက်သက်သာ ဖြစ်ကြောင်း အချက်အလက်များက ဖော်ပြနေသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး တည်ရှိနေခြင်းသည် တော်လှန်ရေးအတွက် များစွာအ ထောက်အကူပြုပြီး စစ်အုပ်စု၏ သတင်းမှားနှင့် အချက်အလက်မှား တင်ပြမှုများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း လေ့လာသူများက ထောက်ပြသည်။
သံအမတ်ကြီးနှင့် အဖွဲ့ရုံးဝန်ထမ်းများသည် အသုံးစရိတ်များကို တဖြည်းဖြည်း လျှော့ချအသုံးပြုနေကြပြီး မြန်မာပြည်သူများ၏ ဆန္ဒနှင့် ဖြစ်ပျက်နေသော ဖြစ်ရပ်မှန်များကို ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးများတွင် တစိုက်မတ်မတ် တင်ပြလျက်ရှိသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ရပ်တည်ချက်သည် ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများအတွက် ခွန်အားဖြစ်စေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် နိုင်ငံတကာ၏ ထောက်ခံမှု လျော့ပါးမသွားစေရန် ထိန်းသိမ်းပေးထားသည့် သော့ချက်လည်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့ရန်ပုံငွေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်ကြေးကို ပေးသွင်းကာ မဲပေးခွင့်ကို ထိန်းသိမ်းထားနိုင်ခြင်းမှာ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အလွန်အရေးကြီးသော လုပ်ဆောင်ချက်ဖြစ်ဖြစ်ကာ စစ်အုပ်စု၏ မတရားအာဏာသိမ်းမှုကို ကမ္ဘာက အသိအမှတ်မပြုကြောင်း သက်သေပြနေပြီး ပြည်သူ့အသံသည်လည်း ကုလသမဂ္ဂစင်မြင့်ထက်တွင် ၂၀၂၆ ခုနှစ်ကုန်အထိ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
