စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးမှုအား PDF သေဆုံးဟု သတင်းအမှားဖြန့်

ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်တပ်ဗုံးကြဲမှုကြောင့် PDF အများအပြား သေဆုံးဟုဆိုသည့် သတင်း အမှားအကြောင်းအရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။

“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၁ နာရီ ၃ မိနစ်တွင် ချင်းပြည် နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ် နှင့် မတူပီမြို့နယ် များရှိ PDF များကို စစ်တပ်က ဗုံးကြဲရှင်းလင်း ခဲ့ရာ သေဆုံးထိခိုက်မှု အများအပြားရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားသည်။

အဆိုပါအကြောင်းအရာကို “Truth Media” တယ်လီဂရမ်ချန်နယ်ကလည်း ကူးယူဖော်ပြခဲ့သည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/JPGAA
Truth Media – https://archive.ph/4ZDSO

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် ရှာဖွေကြည့်ရာ “People’s Spring” သတင်းမီဒီယာက ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။

People’s Spring တွင် ဖေဖော်ဝါရီ ၈ ရက်တွင် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်ရှိ ကျေးရွာတစ်ရွာ ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဆီသယ်ယာဉ်တစ်စီးနှင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/Cv5n

Google တွင် “ ချင်းတောင်ပိုင်းမြို့များ ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Khonumthung Burmese, The Voice of Chinland” မီဒီယာတို့က သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီမြို့နယ်များကို စစ်တပ် က လေကြောင်းတိုက်ခိုက်ခဲ့ရာ ၁၃ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကန်ပက်လက်မြို့ကို ဗုံး နှစ်လုံး၊ ၁၀ နာရီ တွင် မင်းတပ်မြို့ ကို ဗုံးနှစ်လုံး၊ ၁၂ နာရီခွဲတွင် မတူပီမြို့နယ်ကို ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။

အပြည့်အစုံကြည့်ရန် >>>
Khonumthung Burmese – https://bitly.cx/3xty
The Voice of Chinland – https://bitly.cx/3B3b

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ချင်းတောင်ပိုင်းမြို့နယ်များကို ဗုံးကြဲရှင်းလင်းရာ PDF အများအပြား သေဆုံး” ဆိုသည်မှာ သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။