ရွေးကောက်ပွဲအနိုင်ရပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နားလည်မှုစာချွန်လွှာ (MoU 44) ကို ပယ်ဖျက်ရန် အနုတင် ညွှန်ကြား

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် ဘူမ်ဂျိုင်ထိုင်း (Bhumjaithai) ပါတီခေါင်းဆောင် အနုတင် ချာန်ဝီရာကူးလ် (Anutin Charnvirakul) က ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ပင်လယ်ပြင်အငြင်းပွားဧရိယာများ ဆွေးနွေးရေးဆိုင်ရာ MoU 44 ကို ပယ်ဖျက်ရန် ယနေ့တွင် စတင်ညွှန်ကြားလိုက်ပြီ ဖြစ်သည်။

ဤနားလည်မှုစာချွန်လွှာ (MoU) သည် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးက ၎င်းတို့ပိုင်ဆိုင်ကြောင်း အသီးသီး တောင်းဆိုထားသည့် ပင်လယ်ပြင် တိုက်ကြီး၏ ကုန်းပြင်မြင့်အစွန်း (Continental Shelf) နှင့် ၎င်းတွင်ရှိသော သတ္တုနှင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ သယံဇာတများအပေါ် အခွင့်အရေး ရရှိရေးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။

အနုတင်က ယနေ့ပြုလုပ်သည့် အစိုးရအဖွဲ့ (Cabinet) အစည်းအဝေးတွင် အဆိုပါ MoU ကို ပယ်ဖျက်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

၎င်းက ပြောကြားရာတွင် ယခုလက်ရှိ အစိုးရသက်တမ်းအတွင်း ချက်ချင်းပယ်ဖျက်ရန် မဖြစ်နိုင်သေးသော်လည်း ပယ်ဖျက်နိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှု အဆင့်ဆင့်ကို စတင်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ထို့ပြင် ဤကိစ္စနှင့် ပတ်သက်၍ မည်သည့်တိုးတက်မှုမှ မရှိခဲ့သလို အဆိုပါသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထားခြင်းမှာလည်း မည်သည့်အကျိုးကျေးဇူးမှ မရှိတော့ကြောင်း ၎င်းက အလေးပေးပြောဆိုခဲ့သည်။

အစိုးရအဖွဲ့အနေဖြင့် MoU ကို ပယ်ဖျက်ပိုင်ခွင့် အာဏာရှိ၊ မရှိ မေးမြန်းရာတွင် “အရာအားလုံးကို ဥပဒေနှင့်အညီ လုပ်ဆောင်သွားမည်” ဟု အနုတင်က ပြန်လည်ဖြေကြားခဲ့သည်။

အနုတင်သည် ဖေဖော်ဝါရီ ၈ ရက် ထိုင်းအထွေထွေရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးမဲဆွယ်ပွဲတွင်လည်း ၎င်းနှင့် ၎င်း၏ ဘူမ်ဂျိုင်ထိုင်းပါတီသာ အာဏာပြန်ရလာပါက MoU 44 ကို ချက်ချင်းပယ်ဖျက်မည်ဟု ကတိပေးခဲ့သည်။

၎င်းက ယခင်က အဆိုပြုခဲ့ဖူးသည့် ပင်လယ်ပြင်သယံဇာတ ခွဲဝေမှုအပေါ် အကျိုးအမြတ် ၅၀-၅၀ ခွဲဝေမည့် သဘောတူညီချက်သည်လည်း နောက်နောင်တွင် ဆွေးနွေးပွဲစားပွဲပေါ်သို့ ရောက်လာတော့မည်မဟုတ်ကြောင်း လူထုအား ပြောကြားခဲ့သည်။

ရွေးကောက်ပွဲအပြီး တရားဝင်မဟုတ်သော မဲစာရင်းများအရ ဘူမ်ဂျိုင်ထိုင်းပါတီသည် လွှတ်တော်အမတ်နေရာ ၁၉၄ နေရာခန့်ဖြင့် အပြတ်အသတ် အနိုင်ရရှိထားပြီး အစိုးရသစ်ဖွဲ့စည်းရာတွင် အဓိကမဏ္ဍိုင် ဖြစ်လာတော့မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကမ္ဘောဒီးယားနှင့် နယ်စပ်တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သားနှင့် အရပ်သားများ သေဆုံးခဲ့ရမှုကြောင့် လူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများက MoU 44 ကို ပယ်ဖျက်ရန် တောင်းဆိုမှုများ ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကမူ MoU 44 သည် ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေးနှင့် သယံဇာတခွဲဝေရေးတို့အတွက် ဆွေးနွေးရန် မူဘောင်တစ်ခုသာ ဖြစ်ပြီး၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုမရမချင်း မည်သည့်နယ်မြေပိုင်ဆိုင်ခွင့်ကိုမျှ လက်လွှတ်ပေးထားခြင်း မရှိကြောင်း ရှင်းပြထားသည်။

အဆိုပါ MoU သည် ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ ယန္တရားတစ်ခုအဖြစ်သာ တည်ရှိနေပြီး လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်၏ အတည်ပြုချက် ရယူရန်မလိုသော်လည်း၊ ယင်းမှထွက်ပေါ်လာသည့် မည်သည့်သဘောတူညီချက်မဆို ဥပဒေကြောင်းအရ အတည်မဖြစ်မီ လွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက် ရယူရမည်ဖြစ်သည်။