မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ဘုရားပွဲကျင်းပနေသည့်ရွာကို စစ်တပ်က ဗုံးကြဲခဲ့ရာ ပြည်သူ ၁၀ ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၀ရက်)၊ နံနက် ၁၀ နာရီ ၄၉ မိနစ်ခန့်တွင် ပေါက်မြို့နယ်၊ ချက်ကန်ရွာကို မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၃စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှု အဖွဲ့အစည်း – မြိုင် ထံက သိရသည်။
” ကြဲတာက ပေါင်ဗုံးချည်း ၅လုံးဖြစ်လိမ့်မယ်ဗျ။ ကျေးရွာထဲမှာ ဘုရားပွဲကျင်းပနေတာ။ ကျေးရွာ ထဲမှာ ဘုရားပွဲရှိတာလို့ သိရတယ်ဗျ။ ဘုန်းကြီးကျောင်းမှာတော့ မဟုတ်ဘူး။ ဘုရားပွဲကျင်းပနေတဲ့ ကျေးရွာထဲမှာဆိုတော့ ကျနော်တို့ အညာဒေသက ဘုရားပွဲဆို လူစုံတက်စုံ ရွာမှာရှိတဲ့သဘောဗျ။ အဲ့အချိန်ကို ဖမ်းပြီးတော့မှ တိုက်ခိုက်တဲ့သဘောပါ။ ဘုန်းကြီးကျောင်းကို တိုက်ခိုက်တာမဟုတ် ဘူးဗျ။ ကျေးရွာထဲက လူနေအိမ်တွေကို တိုက်ခိုက်တာ ” ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်မှ ဆရာထွေးက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၈ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
” အဲ့နားလေးမှာ ပျူစောထီးကျေးရွာရှိတော့ ပျူစောထီးကျေးရွာတွေက တိုင်လို့ တိုက်ခိုက်တာ ဖြစ်လိမ့်မယ်ယူဆရတယ်ပေါ့ဗျာ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေက စိုးရိမ်ရသလားဆို စိုးရိမ်ရတဲ့သူ တွေလည်း ပါတော့ ပါလိမ့်မယ်ဗျ။ ဒါပေမဲ့၊ ကျနော်တို့ အချိန်မီဆေးဝါးကုသမှုတွေ လုပ်နေတယ်လို့ သိရပါတယ်ဗျ” ဟု ၎င်းကပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အရေအတွက်ကို အတည်မပြုနိုင်သေးပေ။
ချက်ကန်ရွာအနီး၌ ဒီးဒုတ်ကွင်းပျူရွာရှိကြောင်းသိရသည်။
အလှူအတန်း၊မင်္ဂလာဆောင်၊ ချစ်ကြည်ရေးဘောလုံးပွဲ စသည့် လူစုလူဝေးပြုလုပ်ခြင်းများကို အထူး ရှောင်ကြဉ်ကြရန် အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း -မြိုင်က အကြံပြုသည်။
