စစ်ကော်မရှင်ထောက်ခံသည့် လော်ဘီများသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ PDF တပ်ဖွဲ့များအကြား ယုံကြည်မှု ပျက်ပြားစေရန် ရည်ရွယ်သည့် သွေးခွဲစကားများကို လူမှုကွန်ရက်စာမျက်နှာများတွင် စနစ်တကျ တွင်တွင်ကျယ်ကျယ် ဖြန့်ဝေလာနေကြသည်။
လော်ဘီများ၏ ဝါဒဖြန့်မှုများတွင် KIA အနေဖြင့် PDF များကို ၎င်းတို့နယ်မြေအတွက် အကာအကွယ်တံတိုင်းသဖွယ် အသုံးချနေကြောင်းနှင့် KIA ၏ စစ်ရေးလှုပ်ရှားမှုများသည် ထိရောက်မှုမရှိဘဲ မြို့ပျက်ခြင်းသာ အဖက်တင်သည်ဟု လုပ်ကြံစွပ်စွဲထားကြသည်။
ထို့ပြင် KIA ခေါင်းဆောင်ပိုင်းက ငါးကြင်းဆီနဲ့ ငါးကြင်းကြော် သည့် နည်းလမ်းဖြင့် PDF များကို အချင်းချင်း ပြန်လည်တိုက်ခိုက်ခိုင်းနေသည်ဟု တယ်လီဂရမ်ချန်နယ်များ၌ လော်ဘီများက ရေးသားထားသည်။
အထူးသဖြင့် KIA ဗိုလ်ချုပ်ဂွမ်မော်က NUG နှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်အပေါ်တွင်လည်း စစ်ကော်မရှင်တပ်များက လိုင်ဇာအနီးသို့ ချဉ်းကပ်လာသည့်အတွက် ကြောက်ရွံ့ပြီး အချိန်ဆွဲခြင်းသာ ဖြစ်သည်ဟု ဝါဒဖြန့်ထားသည့်အပြင် စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာချိန်မှ နိုင်ငံရေးစကားပြောလာခြင်းမှာ လူလည်ကျခြင်းဖြစ်သည်ဟုလည်း လှောင်ပြောင်ရေးသားလျက်ရှိသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “ဒါဟာ တော်လှန်ရေးအင်အားစုတွေကြားမှာ သံသယမျိုးစေ့ချဖို့ ကြိုးစားတာပါ။ တရုတ်နဲ့ ဂျပန်အရေးမှာ သမိုင်းဟောင်းကို လက်နက်ပြုသလိုပဲ၊ အခုလည်း ဗမာနဲ့ ကချင်ကြားက လူမျိုးရေးအာဃာတဟောင်းတွေကို ပြန်ဆွပြီး စုစည်းမှုကို ဖြိုခွဲဖို့ ကြိုးစားနေတာဖြစ်တယ်” ဟု သုံးသပ်သည်။
ထို့ပြင် NUG ၏ စစ်ရေးအရ အားကိုးမရမှုနှင့် ငွေကြေးအရှုပ်အရှင်းများကို အကြောင်းပြကာ KIA က NUG ကို အသုံးချနေသည်ဟုလည်း လော်ဘီများက ဆိုကြသည်။ တော်လှန်ရေးအောင်မြင်သွားပါက KIA သည် သီးခြားနိုင်ငံအဖြစ် ခွဲထွက်သွားမည်ဖြစ်၍ NUG က ထိန်းချုပ်နိုင်မည်မဟုတ်ဟူသော လူမျိုးရေးစိုးရိမ်မှုများကိုလည်း ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေကြသည်။
မြေပြင်တွင် တိုက်ပွဲဝင်နေသည့် အညာဒေသမှ တော်လှန်ရေး ရဲဘော်တစ်ဦးက “ကျတော်တို့နဲ့ KIA ကြားမှာ ဘုံရည်မှန်းချက်ရှိပါတယ်။ ဗမာ PDF တွေကို အသေခံခိုင်းနေတာဆိုတဲ့ စကားမျိုးတွေဟာ စစ်မြေပြင်မှာ အတူတူတိုက်နေတဲ့ ညီအစ်ကိုချင်း သွေးကွဲအောင် လုပ်တာပါ။ စစ်ကော်မရှင်ဟာ စစ်ရေးအရ ရှုံးနိမ့်လာတဲ့အခါမှာ အခုလို စိတ်ဓာတ်စစ်ဆင်ရေးကို အားကိုးလာတာ ဖြစ်ပါတယ်” ဟု တုံ့ပြန်သည်။
ဝါဒဖြန့်စာသားများထဲတွင် လိုင်ဇာကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားပြီး KIA အနေဖြင့် အထိနာပါက NCA လက်မှတ်ထိုး၍ အညံ့ခံရန် ပြင်ဆင်နေသည်ဟုလည်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်ထားကာ၊ ဤသည်မှာ တော်လှန်ရေးအင်အားစုများ၏ စိတ်ဓာတ်ကို ရိုက်ချိုးရန် ကြိုးပမ်းသည့် စစ်ကော်မရှင်၏ ထုံးစံအတိုင်း နည်းဗျူဟာပင် ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။
“စစ်ကော်မရှင်က ဂျပန်ကို မုန်းအောင် တရုတ်သံရုံးကတစ်ဆင့် ဝါဒဖြန့်ခိုင်းသလိုမျိုးပဲ၊ အခုလည်း တော်လှန်ရေး အင်အားစုအချင်းချင်းကြားမှာ မုန်းတီးမှုတွေ ပျံ့နှံ့အောင် လုပ်နေတာပါ။ ပြည်သူတွေအနေနဲ့ ဒီလို လုပ်ကြံသတင်းတွေကို သတိကြီးကြီးထားပြီး ဝေဖန်ပိုင်းခြားဖို့ လိုပါတယ်” ဟု ၎င်းက တိုက်တွန်းထားသည်။
စစ်ကော်မရှင်လော်ဘီများသည် PDF များအနေဖြင့် KIA ၏ လက်ကိုင်တုတ်ဖြစ်နေသည်ဟု ပုံဖော်ခြင်းဖြင့် လူငယ်များ၏ တော်လှန်ရေးစိတ်ဓာတ်ကို အားလျော့စေရန် ရည်ရွယ်နေသော်လည်း မြေပြင်တွင်မူ KIA နှင့် PDF များအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများမှာ ယခင်ကထက် ပိုမိုအားကောင်းလာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။
၎င်းတို့၏ ဝါဒဖြန့်မှုသည် တော်လှန်ရေးအရှိန်အဟုန် ကောင်းနေချိန်တွင် အချင်းချင်းကြား ယုံကြည်မှုပျက်ပြားစေရန် စနစ်တကျ ရေးသားထားခြင်း ဖြစ်ကာ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဗမာလူငယ်များအကြား ပေါင်းစည်းမှုကို စစ်ကော်မရှင်က အကြောက်ဆုံးဖြစ်နေသည်ကို ပြသနေခြင်းလည်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
စစ်ကော်မရှင်အနေဖြင့် KIA နှင့် NUG အကြား အကွဲအပြဲဖြစ်အောင် ဖန်တီးခြင်း၊ လူမျိုးရေး စိုးရိမ်မှုများကို ရောင်းစားခြင်းနှင့် အသေခံခိုင်းနေသည်ဆိုသည့် စွပ်စွဲချက်များသည် စစ်ကော်မရှင်၏ နောက်ဆုံးလက်နက်ဖြစ်သော သွေးခွဲသပ်လျှိုမှုများသာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် တက်ကြွလှုပ်ရှားသူများက ဆိုသည်။
