သထုံတွင် အာဝါဒေးပွဲနှင့် နန်းခင်ဇေယျာကို တည်ကြက်လုပ်ကာ စစ်တပ် ပေါ်တာဆွဲဟုဆို

ဓာတ်ပုံ-ပေးပို့
ပုံစာ- ဖေဖေါ်ဝါရီ ၁၀ ရက်ညက နောင်ဘိုရွာအာဝါဒေးပွဲတွင် နန်းခင်ဇေယျာဖျော်ဖြေနေစဉ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုရွာတွင် ပြုလုပ်ခဲ့သော အာဝါဒေးပွဲ အသွားအပြန်ကို စစ်တပ်က ပစ်မှတ်ထား ပေါ်တာဆွဲခဲ့ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၁၀ ရက်၊ ည ၇ နာရီကျော်မှစ၍ မွန်ပြည်နယ်၊သထုံမြို့နယ်၊ကျိုက္ကော်မြို့၊ပဲခူးစုရပ်ကွက်ထဲ၊ နောင်ဘိုရွာ အာဝါဒေးပွဲသို့ သွားသူများနှင့် ယင်းပွဲမှ ပြန်လာသူများကို စစ်တပ်က ပေါ်တာဆွဲခဲ့ ရာ အယောက်၅၀ကျော် ပါသွားခဲ့ပြီးနောက် ဖေဖေါ်ဝါရီ၁၁ရက်ည၌ အာဝါဒေးပွဲသွားသူ သိသိသာ သာ လျော့နည်းသွားကြောင်း ကျိုက္ကော်မြို့ခံတစ်ဦးထံက သိရသည်။

“၁၀ရက်နေ့ညက ပဲခူးစုမှာ ဝင်ဖမ်းတယ်။ ကျိုက္ကော်နဲ့ အောက်ကျင်း(ရွာ)ကနေ နောင်ဘိုပွဲသွားတဲ့သူ တွေကို အသွားမှာလည်း ဖမ်းတယ်။အပြန်ကျတော့လည်း ည၁နာရီလောက်ကြီး လမ်းမှာ ဆွဲသေး တယ်။ဒါပေမဲ့၊ပွဲ အပြန်ကျတော့ ပေါ်တာဆွဲတာ သတင်းတွေ ကြိုကြားနေလို့ ရှောင်ကြတော့ လူသိပ် မပါဘူး။အားလုံးပေါင်း၅၀ကျော် ပါသွားတယ်”ဟု ၎င်းက MPA သို့ပြောသည်။

ဖေဖေါ်ဝါရီ၁၀ရက်ည နောင်ဘိုရွာ အာဝါဒေးပွဲတွင် သရုပ်ဆောင် နန်းခင်ဇေယျာ၏ ဖျော်ဖြေမှုရှိသ ဖြင့် ဒေသခံများ သွားရောက်ကြည့်ရှုမှုများခဲ့ပြီး ဖေဖေါ်ဝါရီ၁၁ရက်ည၌ နန်းခင်ဇေယျာ ဆက်လက် ဖျော်ဖြေသော်လည်း ပေါ်တာကြောင့် လူငယ်အမျိုးသားများ သွားရောက်ကြည့်ရှုမှု မရှိသလောက် နည်းသွားကြောင်း သိရသည်။

“အာဝါဒေးပွဲရယ်၊ နန်းခင်ဇေယျာရယ်ကို တည်ကြက်လုပ်ပြီး ပေါ်တာဆွဲနေတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

မကြာမီ စစ်မှုထမ်းအပတ်စဉ်သစ် စတင်တော့မည်ဖြစ်ပြီး သထုံမြို့နယ်အတွင်း သင်တန်းသားသစ် ရရှိမှုအလွန်နည်းနေသဖြင့် စစ်တပ်က ပေါ်တာလိုက်ဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျိုက္ကော်၊သိမ်ဆိပ် တစ်ကြောပေါ့။ ပေါ်တာ အယောက် ၁၀၀ ရအောင်ဆွဲမယ့် စီမံချက်ရှိတယ်။သတိ ထားကြပါ”ဟု သထုံမြို့စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဖေဖေါ်ဝါရီ ၁၁ ရက်ညတွင် လူငယ်များလည်း အပြင်မထွက်ကြသဖြင့် ကျိုက္ကော်ဝန်းကျင်၌ ပေါ်တာဆွဲ ခံရသည့် သတင်းလည်း မကြားမိသေးကြောင်း ၎င်းက ဆိုသည်။

သထုံမြို့ပေါ်တွင် အမြဲတမ်းလိုလို ပေါ်တာဆွဲနေသော်လည်း ကျိုက္ကော်၌မူ ယခုပေါ်တာဆွဲခြင်းမှာ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

သထုံမြို့နယ်၊ဇရစ်ချောင်ကျေးရွာရှိ အမှတ်၉ စစ်အခြေခံလေ့ကျင့်ရေးတပ်(လေ့ကျင့်ရေး၉)၌ စစ်မှု ထမ်းသင်တန်းဖွင့်လှစ်လျက်ရှိပြီး လက်ရှိတွင် သထုံမြို့သားများအပါအဝင် အခြားဒေသများမှ အဓမ္မ ဖမ်းဆီးခဲ့သော လူငယ် ၂၉၂ ဦး သင်တန်းတက်နေကြောင်း သထုံမြို့စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။