Yawland Operation အကြောင်းပြ ငွေကြေးကောက်ခံမှုများအပေါ် ဂန့်ဂေါမြောက်ပိုင်းပြည်သူများအကြား ဝေဖန်မှုများရှိနေ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ယောဒေသရှိ တော်လှန်ရေးရဲဘော်များ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် ယောမြေစစ်ဆင်ရေး(Yawland Operation)ကို အကြောင်းပြ၍ ကျေးရွာများအတွင်း ငွေကြေးကောက်ခံနေမှုများအပေါ် ပြည်သူများအကြားဝေဖန်မှုများရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ပျူစောထီးကျေးရွာများကို ကာကွယ်ရေးတပ်ပေါင်းစုများက ယမန်နှစ်( ဒီဇင်ဘာ ၂၇ ရက်)၊ နံနက်၅နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး Yawland Operation စတင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့နောက် စစ်ဆင်ရေးအားအကြောင်းပြ၍ ဂန့်ဂေါမြောက်ပိုင်းရှိ ကျေးရွာများမှ ခဲယမ်းနှင့်ကျည်ဖိုးဟုဆိုကာ တစ်အိမ်လျှင် လေးသောင်းကျပ်မှ ရှစ်သောင်းကျပ်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များက ငွေကြေးကောက်ခံလျက်ရှိပြီး ယင်းအပေါ်ဝေဖန်မှုများရှိနေခြင်းဖြစ်သည်။

” တတ်နိုင်တဲ့သူကတော့ ဘာမှမပြောကြဘူးပါ့။ မတတ်နိုင်တဲ့လူကျ စားဝတ်နေရေးတောင် အတော်ခက်ခဲနေတာကိုး ဘယ်ကြိုက်ကြပါ့မလဲ။ ညည်းကြတာပါ့ သူတို့(ပကဖ)ကိုတော့ ဘယ်ပြန်ပြောရဲမလဲ “ဟု ဂန့်ဂေါမြောက်ပိုင်းဒေသခံအမျိုးသမီးတစ်ဦးက MPAကိုပြောသည်။

ယင်းသို့ငွေကြေးကောက်ခံနေမှုသည် ကျေးရွာများမှပြည်သူများသာမက စစ်ဘေးရှောင်စခန်းများတွင်လည်း သက်ဆိုင်ရာပကဖ၊ ပအဖများက အိမ်ပြန်ကြရတော့မည်ဟုဆိုကာ အလှူငွေကောက်ခံလျက်ရှိကြောင်း သိရသည်။

ထိုသို့​​ ပြည်သူများထံမှ ငွေကြေးကောက်ခံနေမှုအပေါ် ဂန့်ဂေါမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအကြားတွင်လည်း ကွဲလွဲမှုများရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

” အဲ့ဒီOperationကို အကြောင်းပြပြီးမှ ငွေကကောက်ကြတာဟုတ်တယ်မှန်တယ်။ အဲ့ဒါလည်း နည်းနည်းနားလည်မှုလွဲပြီးတော့ ပြဿနာတက်နေကြတယ်လို့ကြားတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးရင်။ အဓိက အဲ့ဒီငွေခွဲတာကို ကြိုက်တဲ့အဖွဲ့နဲ့ မကြိုက်တဲ့အဖွဲ့က အဲ့ဒီပကဖထဲမှာ နှစ်ဖွဲ့ကွဲပြီးဖြစ်နေကြတာ၊ အဆင်မပြေဘူး”ဟု ၎င်းကMPAကိုပြောသည်။

Yawland Operationစစ်ဆင်ရေးအတွင်း ဂန့်ဂေါမြောက်ပိုင်းရှိ ပျူစောထီးကျေးရွာများဖြစ်သော ဝင်ဝရွာနှင့် ရွှေမြစ်သာကျေးရွာများအား သိမ်းပိုက်နိုင်ခဲ့သော်လည်း လက်ရှိတွင် စစ်ဆင်ရေးရပ်နားထားရသည့်အခြေအနေတွင်ရှိနေသည်။

ထိုသို့ စစ်ဆင်ရေးရပ်နားထားရမှုသည် စစ်ရေးပြင်ဆင်မှုနှင့် စီမံချက်မရှိဘဲ တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည့်အတွက်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ယောဒေသတပ်မှူးတစ်ဦးက ဝေဖန်သုံးသပ်ထားသည်။

” ဒီလိုပါ စစ်ဆင်ရေးက အရင် ဟံသာဝတီ(ပျူရွာ)ဘက်မှာ တိုက်ပွဲဖြစ်တာရှိတယ်။ အဲ့ဒါကိုဟံသာဝတီကိုသိမ်းနေပြီ စစ်ကူလာမှာစိုးလို့ မြောက်ခင်ရန်းဘက်၊ လယ်ကြီးဘက်တွေကို ဝင်တိုက်ပေးပါဦးဆိုတဲ့ပုံစံမျိုး ဘယ်သူမှန်း၊ ဘယ်ကမှန်းမသိတဲ့ သတင်းတစ်ခုကရောက်လာတာ။ အဲ့ဒါကို တပ်ရင်းတပ်ဖွဲ့တွေတော်တော်များများက မယုံကြဘူး။ ဒါပေမဲ့ ပကဖတွေက ဟာ ဒါမျိုးကတော့လုပ်ရမှာ ဘယ်သူမှမတိုက်ချင်နေ ငါတို့တိုက်မယ်ဆိုပြီး ဝင်တိုက်ကြတော့ ပကဖတွေပဲလွှတ်ထားလို့မရဘူးဆိုပြီး ခရိုင်ရင်းတွေလည်း ဝင်ပြီးပါလိုက်ရတဲ့သဘောမျိုး “ဟု ၎င်းကရှင်းပြသည်။

အဆိုပါစစ်ဆင်ရေးတွင် စစ်ကော်မရှင်ဘက်မှ ပျူနှင့်စစ်သား (၄၀)ကျော်သေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သော်လည်း စစ်ဆင်ရေးကာလအတွင်း စစ်ကော်မရှင်သည် စစ်ရေးပစ်မှတ်သာမက အရပ်သားပစ်မှတ်များကိုပါ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူဆယ်ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့​ကြရကြောင်း စုံစမ်းသိရှိရသည်။