၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ အမေရိကန်သတင်းပေးအများအပြား အသတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးထောင်ချခံရခြင်းတို့ကြောင့် ပျက်စီးသွားခဲ့သည့် ထောက်လှမ်းရေးကွန်ရက်ကို ပြန်လည်တည်ဆောက်ရန်နှင့် တရုတ်၏ဩဇာကို တန်ပြန်နိုင်ရန်အတွက် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) က အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ၎င်း၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်းကြောင့် တရုတ်စစ်တပ်အတွင်း အခြေအနေများ လှုပ်ခတ်နေချိန်တွင် CIA က ယင်းဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မကျေနပ်မှုများကို အခွင့်ကောင်းယူရန် ရည်ရွယ်၍ တရုတ်စစ်ဘက်ဆိုင်ရာ သတင်းပေးများကို ပစ်မှတ်ထားသည့် ဗီဒီယိုဖိုင်တစ်ခုကို ထုတ်လွှင့်ခဲ့သည်။
အဆိုပါဗီဒီယိုကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြခဲ့ခြင်းဖြစ်ပြီး၊ ဗီဒီယိုထဲတွင် တရုတ်စစ်တပ်အတွင်း စိတ်ပျက်အားငယ်နေသည့် အလယ်အလတ်အဆင့် အရာရှိတစ်ဦး၏ ပုံစံကို သရုပ်ဖော်ထားသည်။
ဤလုပ်ဆောင်ချက်သည် ဝါရှင်တန်၏ မဟာဗျူဟာမြောက် ပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံ၏ အတွင်းသတင်းများကို လူကိုယ်တိုင် စုဆောင်းသည့်ကဏ္ဍ (HUMINT) တွင် ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာသည့် နောက်ဆုံးခြေလှမ်းတစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း တရုတ်ကွန်မြူနစ်ပါတီအတွင်းရှိ လုပ်ကြံဖန်တီးထားသော ဇာတ်ကောင်များကို အသုံးပြု၍ အမေရိကန်ထောက်လှမ်းရေးနှင့် ဘေးကင်းလုံခြုံစွာ မည်သို့ဆက်သွယ်ရမည်ကို တရုတ်ဘာသာစကားဖြင့် အသေးစိတ်ညွှန်ကြားချက်များ ပေးခဲ့ဖူးသည်။
CIA ညွှန်ကြားရေးမှူး ဂျွန်ရတ်ကလစ်ဖ်က “ကျွန်ုပ်တို့ရဲ့ ဗီဒီယိုတွေဟာ တရုတ်နိုင်ငံသား အတော်များများဆီကို ရောက်ရှိသွားခဲ့ပြီး၊ တရုတ်အစိုးရအရာရှိတွေအနေနဲ့ ပိုမိုတောက်ပတဲ့ အနာဂတ်တစ်ခုအတွက် ကျွန်ုပ်တို့နဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ အခွင့်အရေးတွေကို ဆက်လက်ပေးအပ်သွားမှာပါ” ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ပြီးခဲ့သည့်လက တရုတ်ကာကွယ်ရေးဝန်ကြီးဌာနသည် ဗဟိုစစ်ကော်မရှင် (CMC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ရှီကျင့်ဖျင်၏ လူယုံတော်ဖြစ်သူ ကျန်းယူရှကို စုံစမ်းစစ်ဆေးနေကြောင်း ကြေညာခဲ့သည်။
၎င်းသည် ဆယ်စုနှစ်များစွာအတွင်း တရုတ်စစ်ဘက်ခေါင်းဆောင်တစ်ဦးကို အမြင့်ဆုံးအဆင့်မှ ဖယ်ရှားလိုက်သည့် အကြီးကျယ်ဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
ယခုအခါ YouTube တွင် တင်ထားသည့် CIA ၏ ဗီဒီယိုတိုလေးသည် ကျန်းယူရှအပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အထက်တန်းအရာရှိများအထိ ရိုက်ခတ်နေသည့် တရုတ်အစိုးရ၏ နှစ်ရှည်လများ စစ်ဘက်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးဂယက်များကို အသုံးချရန် ရည်ရွယ်ပုံရသည်။
ဗီဒီယိုထဲတွင် တရုတ်စစ်တပ်အရာရှိတစ်ဦး၏ ပုံစံဖြင့် “ခေါင်းဆောင်မှု အရည်အချင်းရှိသူတိုင်းဟာ သံသယဝင်ခံရပြီး ရက်ရက်စက်စက် အဖယ်ရှားခံရမှာပဲ။ သူတို့ရဲ့ အာဏာဟာ မရေတွက်နိုင်တဲ့ လိမ်လည်မှုတွေပေါ်မှာ တည်ဆောက်ထားတာပါ” ဟု တရုတ်ဘာသာစကားဖြင့် ပြောကြားထားသည်။
CIA အနေဖြင့် ၎င်းတို့၏ အွန်လိုင်းလှုပ်ရှားမှုများသည် တရုတ်နိုင်ငံ၏ အင်တာနက်ကန့်သတ်ချက် (Great Firewall) ကို ကျော်ဖြတ်၍ ပစ်မှတ်ထားသူများထံသို့ ရောက်ရှိနေသည်ဟု ယုံကြည်နေသည်။
CIA အရာရှိတစ်ဦးက “ကျွန်ုပ်တို့ရဲ့ အရင်ဗီဒီယိုတွေဟာ လူသန်းပေါင်းများစွာဆီ ရောက်ရှိခဲ့သလို သတင်းပေးအသစ်တွေ ပေါ်ထွက်လာအောင်လည်း လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်” ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။
အပြန်အလှန်အနေဖြင့် တရုတ်ထောက်လှမ်းရေးအေဂျင်စီများသည်လည်း လက်ရှိနှင့် ယခင် အမေရိကန်အစိုးရဝန်ထမ်းများကို စည်းရုံးရန် အစဉ်တစိုက် ကြိုးပမ်းနေကြောင်း အမေရိကန်အရာရှိများက ဆိုသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံအတွင်းရှိ အမေရိကန်ထောက်လှမ်းရေးကွန်ရက်များကို ဖော်ထုတ်နိုင်ခဲ့သည့်အကြောင်းများကို တရုတ်ဘက်က ထုတ်ပြန်ခဲ့ဖူးသည်။
ယခုကဲ့သို့ အပြန်အလှန် ထောက်လှမ်းရေးကစားပွဲများသည် စစ်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှုများ ပြင်းထန်လာခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ လေ့လာသူအများစုက ယင်းကို “စစ်အေးတိုက်ပွဲ” ပုံစံသစ်တစ်ခုအဖြစ် သတ်မှတ်နေကြသည်။
