AP
အီရန်နိုင်ငံတွင် အာဏာအပြောင်းအလဲလုပ်ခြင်းသည်သာ အကောင်းဆုံး ဖြစ် လိမ့်မည်ဟု သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၁၃ ရက် နေ့တွင် ပြောကြားသည်။
မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဖို့တ်ဘရက်ဂ် (Ft. Bragg) ရှိ တပ်ဖွဲ့ဝင်များထံသို့ သွားရောက် ပြီး မကြာမီတွင် ထရန့်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
အမေရိကန်၏ဒုတိယမြောက် လေယာဉ်တင်သင်္ဘောအုပ်စုကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်မည်ဖြစ်ကြောင်းလည်း ထိုနေ့အစောပိုင်းက အတည်ပြုခဲ့သည်။
အီရန်နိုင်ငံရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၏ အုပ်ချုပ်မှုကို ဖယ်ရှားရန် ဖိအားပေးမှုနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို “ဒါဟာ အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်လို့ ထင် ပါတယ်” ဟု ထရန့်က ပြန်လည်ဖြေကြားခဲ့သည်။
“သူတို့ (အီရန်အစိုးရ) ဟာ ၄၇ နှစ်လုံးလုံး ဒီ စကားတွေပဲ ထပ်ခါတလဲလဲ ပြောနေခဲ့ကြတာပါ” ဟု ထရန့်က ဆိုသည်။
ထရန့်က ၎င်း၏ အဓိကဦးစားပေးမှာ အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်ကို ထပ်မံလျှော့ချရန်ဖြစ်ကြောင်း မကြာသေးမီ အပတ်များအတွင်းက အရိပ်အမြွက် ပြောကြားခဲ့သော်လည်း၊ ယင်းသဘောတူညီချက်သည် အမေရိကန်က အီရန်ထံမှ အလိုရှိနေသည့် လိုက်လျောမှုများထဲမှ အချက်တစ်ချက်သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယခုအပတ်အတွင်း ထရန့်နှင့် ဆွေးနွေးရန် ဝါရှင်တန်သို့ ရောက်ရှိနေသည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက မည်သည့်သဘောတူညီချက်တွင်မဆို အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ပယ်ဖျက်ရန်နှင့် ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာတို့ကဲ့သို့သော လက်ဝေခံအဖွဲ့များအား ငွေကြေးထောက်ပံ့နေမှုကို ရပ်တန့်ရန် အချက်များ ပါဝင်ရမည်ဟု ဖိအားပေးလျက်ရှိသည်။
ယခုအခါ အမေရိကန်၏ Ford လေယာဉ်တင်သင်္ဘောသည် ယင်းဒေသသို့ ရောက်ရှိနေသည်မှာ နှစ်ပတ်ကျော်ပြီဖြစ်သော USS Abraham Lincoln နှင့် အတူလိုက်ပါလာသည့် လမ်းညွှန်ဒုံးကျည်ဖျက် သင်္ဘောများနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း The New York Times သတင်းစာက ပထမဆုံး ဖော်ပြခဲ့သည်။
Ford သင်္ဘော ရွှေ့ပြောင်းမှုနှင့် ပတ်သက်သည့် မေးခွန်းများနှင့်ပတ်သက်၍ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (U.S. Southern Command) က လက်တင်အမေရိကရှိ အမေရိကန်တပ်ဖွဲ့များသည် “အနောက်ကမ္ဘာခြမ်းရှိ တရားမဝင် လှုပ်ရှားမှုများနှင့် မကောင်းသော ရည်ရွယ်ချက်ရှိသူများကို ဆက်လက် တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။
