ထိုင်းခရီးသွားကဏ္ဍ တိုးတက်စေရန် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲ‌ရေး လုပ်ငန်းရှင်များတောင်းဆို

ဓာတ်ပုံ- Bangkok Post
အရာရှိများက ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့ပါက ယင်းမှာ သတင်းဖြစ်လာမည်မဟုတ်သလို ပုံစာ-- ဘန်ကောက်မြိုရှိ ကမ္ဘာလှည့်ခရီးသည်အများအပြား လာရောက်သည့် နေရာတစ်ခုကို တွေ့ရစဉ်။

Bangkok Post

လာဘ်ပေးလာဘ်ယူမှု ပြဿနာများ ပိုမိုဆိုးရွားလာခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီးသွားများ စိတ်အနှောင့်အယှက်ဖြစ်ရပြီး ထိုင်းနိုင်ငံ၏ ခရီးသွားလာရေး ဂုဏ်သတင်းကို ထိခိုက်စေသဖြင့် အစိုးရအနေဖြင့် ဥပဒေစိုးမိုးရေးနှင့် စည်းမျဉ်းစည်းကမ်းများကို ပြုပြင်ပြောင်းလဲရန် ခရီးသွားလုပ်ငန်းရှင်များက တိုက်တွန်းထားသည်။

၂၀၂၅ ခုနှစ် အဂတိလိုက်စားမှု အညွှန်းကိန်း (Corruption Perceptions Index) တွင် ထိုင်းနိုင်ငံ၏ ရမှတ်မှာ ၁၀၀ လျှင် ၃၃ မှတ်သာရရှိသဖြင့် ယခင်ကထက် ၁ မှတ် လျော့နည်းသွားပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်လည်း အဆင့် ၉ ဆင့် ကျဆင်းကာ ၁၁၆ အဆင့်သို့ ရောက်ရှိသွားသည်။

ထိုင်းတောင်ပိုင်း ဖူးခက်မြို့ရှိ အသေးစားတည်းခိုနေထိုင်ရေး လုပ်ငန်းစု (Phuket Boutique Accommodation Consortium) ၏ ဥက္ကဋ္ဌဖြစ်သူ ချင်းနာဝပ် အူဒွန်နီယွန်က အဂတိလိုက်စားမှု ရမှတ်ညံ့ဖျင်းခြင်းသည် ဖူးခက်မြို့ရှိ လာဘ်ပေးလာဘ်ယူမှုနှင့် ရာဇဝတ်သားများအပေါ် ဥပဒေစိုးမိုးမှု အားနည်းခြင်းစသည့် ခရီးသွားလာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖော်ပြနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဖူးခက်မြို့၏ ခရီးသွားလုပ်ငန်း အားကောင်းလာမှုကြောင့် ဥပဒေချိုးဖောက်သည့် လုပ်ငန်းအချို့အပါအဝင် စီးပွားရေးလုပ်ငန်း အများအပြားကို ဆွဲဆောင်နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။

ဖျော်ဖြေရေးနေရာများကို သတ်မှတ်ချိန်ထက်ကျော်လွန်၍ ညဉ့်နက်သည်အထိ ဖွင့်လှစ်ခြင်း၊ နိုင်ငံခြားသားများက ခွင့်ပြုချက်မရှိဘဲ ဧည့်လမ်းညွှန်၊ ယာဉ်မောင်း သို့မဟုတ် လိင်ဖျော်ဖြေရေး အလုပ်သမားများအဖြစ် လုပ်ကိုင်ခြင်းနှင့် အမည်ခံများ အသုံးပြု၍ တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ ပါဝင်သည်။

ယင်း ဖြစ်ရပ်များသည် အာဏာပိုင်များအတွက် ဥပဒေချိုးဖောက်သူများထံမှ လာဘ်ငွေကောက်ခံရန် အပေါက်အလမ်းများ ဖြစ်လာစေပြီး လုပ်ငန်းများကို ဆက်လက်လည်ပတ်ခွင့် ပြုထားသကဲ့သို့ ဖြစ်နေကြောင်းလည်း ချင်းနာဝပ်က ဆိုသည်။

ထို့အပြင် ဖူးခက်တွင် နိုင်ငံခြားသားများက လိုင်စင်မရှိဘဲ မော်တော်ဆိုင်ကယ် ငှားရမ်းခြင်းနှင့် ယာဉ်စည်းကမ်း ချိုးဖောက်ခြင်း စသည့် ဥပဒေချိုးဖောက်မှုများ ပိုမိုများပြားလာပြီး ယင်းမှာ ဒေသခံများ၏ လူနေမှုဘဝကို ထိခိုက်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အရာရှိအချို့သည် ထိုကဲ့သို့သော ဖြစ်ရပ်များတွင် ဥပဒေကို တိတိကျကျ ကျင့်သုံးခြင်းထက် လာဘ်ငွေကောက်ခံခြင်းကိုသာ ပြုလုပ်လေ့ရှိကြောင်း ချင်းနာဝပ်က ဆိုသည်။

အစိုးရအနေဖြင့် အထူးလုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းကာ အဆိုပါပြဿနာများကို ပိုမိုအလေးအနက်ထား ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် ဥပဒေလိုက်နာမှုကို အားပေးသည့် မက်လုံးသစ်များနှင့် ပြစ်ဒဏ်တိုးမြှင့်မှုများကို ဖော်ဆောင်သင့်ပြီး ယင်းသို့လုပ်ဆောင်ခြင်းဖြင့် အရာရှိများ လာဘ်ငွေကောက်ခံနိုင်သည့် အခွင့်အလမ်းများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ချင်းနာဝပ်က အကြံပြုသည်။

ဘန်ကောက်မြို့ ခေါက်ဆန်းလမ်း စီးပွားရေးလုပ်ငန်းရှင်များအသင်း (Khao San Road Business Association) ဥက္ကဋ္ဌဖြစ်သူ ဆန်ဂါ ရူအန်ဝပ်တနာကူးလ်ကလည်း လာဘ်ပေးလာဘ်ယူမှုသည် ထိုင်းနိုင်ငံ၏ ခရီးသွားနေရာများတွင် အတွေ့ရများကြောင်းနှင့် ယင်းမှာ ထိရောက်မှုမရှိသော ဥပဒေစိုးမိုးရေး ဖွဲ့စည်းပုံများကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရဲအရာရှိများနှင့် နိုင်ငံ့ဝန်ထမ်းများသည် လစာနည်းပါးသဖြင့် လာဘ်ပေးလာဘ်ယူမှုမှတစ်ဆင့် အခွင့်အလမ်းများကို ရှာဖွေရန် တွန်းအားဖြစ်စေကြောင်း ၎င်းက ဆိုသည်။

ဝန်ထမ်းများ၏ အလုပ်အကိုင်ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ရမည်ဖြစ်ပြီး အလုပ်အကိုင်ခံစားခွင့်များ တိုးမြှင့်ပေးရန်နှင့် လာဘ်ပေးလာဘ်ယူမှု သို့မဟုတ် အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်ပါက ပြစ်ဒဏ်များကို တိုးမြှင့်သတ်မှတ်ရမည်ဖြစ်ကြောင်း ဆန်ဂါက ဆိုသည်။

အလားတူပင် စီးပွားရေးလုပ်ငန်း လိုင်စင်လျှောက်ထားမှု လုပ်ငန်းစဉ်များကို တစ်နေရာတည်းတွင် အပြီးသတ်ဆောင်ရွက်နိုင်သည့် ဝန်ဆောင်မှု (one-stop services) များအဖြစ် ပြောင်းလဲကာ လုပ်ငန်းရှင်များ မှတ်ပုံတင်လာစေရန် ဆွဲဆောင်သင့်ပြီး ယင်းသို့လုပ်ဆောင်ခြင်းဖြင့် တရားမဝင် လုပ်ငန်းများကို လျှော့ချနိုင်မည် ဖြစ်သည်။

ဥပမာ ဖျော်ဖြေရေးနေရာတစ်ခု ဖွင့်လှစ်ရန်အတွက် အဖွဲ့အစည်းများစွာတွင် လိုင်စင်လျှောက်ထားရန် လိုအပ်သဖြင့် လုပ်ငန်းရှင်အချို့မှာ စိတ်ပျက်အားလျော့နေကြကြောင်း ဆန်ဂါက ဆိုသည်။

“တရားဝင်ခွင့်ပြုသင့်တဲ့ ကန့်သတ်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို တရားဝင်ဖြစ်အောင် ဖြေရှင်းရပါမယ်။ တစ်ဖက်မှာလည်း သိသိသာသာ တရားမဝင်တဲ့ ကိစ္စမှန်သမျှကိုတော့ ဥပဒေအတိုင်း အရေးယူရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ထိုင်ဝမ်မင်းသမီးတစ်ဦးထံမှ လျှပ်စစ်စီးကရက် (vaping device) သုံးစွဲမှုအတွက် ရဲအရာရှိများက လာဘ်ငွေတောင်းခံခဲ့သည့် ဖြစ်ရပ်ကဲ့သို့ပင် ထိုင်းနိုင်ငံ၏ ခရီးသွားပုံရိပ်မှာ ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း ဆန်ဂါက သတိပေးခဲ့သည်။