ကလေးမြို့‌ပေါ် လူစည်ကားသည့် နေရာများတွင်ပင် စစ်တပ်ပေါ်တာအဆွဲကြမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် စစ်ကော်မရှင်တပ်က အရပ်ဝတ်များဝတ်ဆင်ကာ အိမ်စီးကားများဖြင့် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

ကလေးမြို့ပေါ်ရှိ နေရာအနှံ့အပြားတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် အိမ်စီးကားများအသုံးပြုကာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေပြီး၊ လူစည်ကားရာနေရာများဖြစ်သော ဆိပ်ကမ်းသာဈေး၊ စံပြလမ်းနှင့် ပင်လုံလမ်းမတော်ထောင့်တို့၌ နေ့စဉ်နီးပါး ဖမ်းဆီးလေ့ရှိရာ တစ်နေ့လျှင် အနည်းဆုံး လူငယ် ၁၀ ဦးမှ ၃၀ ဦးအထိ ဖမ်းဆီးခံနေရကြောင်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ (KPSSC) ထံမှ သိရသည်။

“ဒီပေါ်တာဆွဲတဲ့နေရာတွေမှာ နေ့စဉ် အရပ်ဝတ်နဲ့ရော အိမ်သုံးကားနဲ့ရော သူတို့လှည့်ပြီးတော့ ဆိုင်ကယ်စီးနေရင်းတန်းလန်းမှာ ဖမ်းတာပေါ့နော်။ လူငယ်လူရွယ် တစ်ယောက်တည်းစီးတာ ဒါမှမဟုတ် နှစ်ယောက်စီးတာမျိုးဆိုရင် ပိုပြီးပစ်မှတ်ထားပါတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး ဖမ်းဆီးတာ၊ ကားပေါ်တင်ခေါ်သွားတာမျိုးတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်” ဟု ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ (KPSSC) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောကြားသည်။

ထို့အပြင် မြို့သာတံတားအနီး၊ ပင်လုံမီးပွိုင့်၊ မြို့ဝင်ထွက်ဂိတ်များ၊ တံတားဦးစံပြလမ်းချိုး၊ စမ်းမြို့ဘုန်းကြီးကျောင်းအနီး၊ ဘူတာလမ်းခွဲနှင့် တောင်သာရပ်ကွက်တို့တွင်လည်း အရပ်ဝတ်များဖြင့် ကင်းပုန်းဝပ်လေ့ရှိပြီး မကြာခဏ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

“လက်ရှိ ကျွန်တော်တို့ ဖော်ပြထားတဲ့ နေရာတွေကတော့ စစ်ကော်မရှင်ရဲ့ ကင်းလှည့်တဲ့နေရာနဲ့ သူတို့အမြဲရှိနေတဲ့ နေရာတွေပေါ့။ နောက်ပြီး အိမ်စီးကားတွေနဲ့ ပတ်ကင်းလှည့်တာမျိုးတွေလည်း ရှိတယ်။ ဆိုလိုတာက တစ်မြို့လုံး နေရာအနှံ့ ဖမ်းနေတာပါ။ လူခြေတိတ်တဲ့ ရပ်ကွက်တွေမှာဆိုရင်လည်း ခြင်းလုံးပွဲလို လူစည်ကားတဲ့နေရာတွေမှာ မထင်ရင်မထင်သလို ရုတ်တရက် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားတာမျိုးတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် လူငယ်များကို ကလေးတပ်နယ်ရှိ စခန်းကြီးသို့ ပို့ဆောင်ပြီး၊ ထိုမှတစ်ဆင့် စစ်ကော်မရှင်သုံး လေယာဉ်များဖြင့် စစ်ကိုင်းမြို့ရှိ တပ်ရင်းများ၊ ရပ်စောက်မြို့နယ် ဗထူးစစ်သင်တန်းကျောင်းနှင့် သံတောင်ကြီးမြို့နယ်ရှိ စစ်တပ် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တို့သို့ ပို့ဆောင်ကာ စစ်မှုထမ်းသင်တန်းများ တက်ရောက်စေကြောင်း၊ ထို့နောက် ရခိုင်နှင့် ချင်းပြည်နယ်ရှိ ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်ခံရကြောင်း သိရသည်။

“မြို့ပေါ်မှာတော့ ငွေကြေးနဲ့ ပြန်ရွေးခိုင်းတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ အထူးသဖြင့် အသက် ၄၀ အထက်ဆိုရင်တော့ ရသလောက်ယူပြီး ပြန်လွှတ်ပေးတာမျိုး ရှိပေမဲ့ အသက် ၄၀ အောက် သက်လတ်ပိုင်းတွေကိုတော့ သိန်းရာနဲ့ချီတဲ့ ငွေကြေးအမြောက်အများ တောင်းပြီးမှ ပြန်ရွေးခိုင်းတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းနောက်ပိုင်းမှာ စစ်ကော်မရှင်က စစ်ရေးအရ သိသိသာသာ ရှုံးနိမ့်လာတဲ့အတွက် မတရားစစ်မှုထမ်းဥပဒေ အကြောင်းပြပြီး ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးတဲ့ ဖြစ်စဉ်မျိုး သိပ်မတွေ့ရတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ကလေးမြို့အစွန်ရှိ ကျီးကုန်းရွာတွင်လည်း စစ်ကော်မရှင်က မြို့နယ်အဆင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ အဆင့်မြင့်စစ်ဆေးရေးစက်များ အသုံးပြု၍ နေ့စဉ် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။ လူသွားလူလာရှင်းချိန်များတွင် ဖမ်းဆီးခံရသူများကို ပုံစံထိုင်ခိုင်းလေ့ရှိပြီး ယင်းဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း သိရသည်။

လက်ရှိ ကလေးမြို့အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကြောင့် မြို့အတွင်း နေထိုင်ကြသည့် မိဘပြည်သူများနှင့် လူငယ်လူရွယ်များအနေဖြင့် လုံခြုံရေးကို အထူးသတိပြု နေထိုင်ကြရန်နှင့် အန္တရာယ်ရှိသော လမ်းပိုင်းများသို့ သွားရောက်ခြင်းမပြုရန် ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက တိုက်တွန်းနှိုးဆော်ထားသည်။