ထိုင်း-မြန်မာ နယ်စပ်တွင် စစ်ကြောင်းထိုးလာသောတပ် တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးဟုဆို

ဓာတ်ပုံ - ဘုတ်ပြင်းမြို့နယ်ပကဖ
ပုံစာ - တိုက်ပွဲဝင် ပကဖရဲဘော်များ ။(ပုံဟောင်း)

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကြောင်းထိုးလာသောတပ် တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ရက်၊ နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူအခြေစိုက်စခန်းမှ ထွက်လာသည့် စစ်ကြောင်းကို ရွာဟေ့လူအနီး ထိုင်း-မြန်မာနယ်စပ်၌ တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ မိနစ် ၂၀ခန့်ဖြစ်ပွားခဲ့ပြီး စစ်သား ၂ဦးသေဆုံးကာ ဒဏ်ရာရ သူ များရှိကြောင်း ဘုတ်ပြင်းမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။

” သူတို့ စစ်ကြောင်းထွက်လာတာကို ကျနော်တို့လူတွေ ဖြတ်တိုက်တာပါ။၂၀၀ဝန်းကျင်လောက်ရှိပါ တယ်၊ ခန့်မှန်းပေါ့။ ဘယ်လိုအတည်ပြုနိုင်လဲဆိုရင် မျက်လုံးနဲ့မြင်တာပါ။ ဒဏ်ရာရတော့ အတိအကျ အတည်မပြုနိုင်ပါဘူး” ဟု ဘုတ်ပြင်းမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းတိုက်ပွဲအတွင်း ဘုတ်ပြင်းမြို့နယ် ပကဖ ရဲဘော်တစ်ဦး သေနတ်ထိမှန်ကာ ကျဆုံးခဲ့ပြီး ရုပ်အ လောင်းကို ပြန်လည်သယ်ဆောင်နိုင်‌ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုပြီးနောက် ယင်းစစ်ကြောင်း၏ နောက်ဆက်တွဲအခြေအနေကို မသိသေးကြောင်း ၎င်းကပြောသည်။

“မသိပါဘူး။ ကျနော်တို့က ကိုယ့်ရဲဘော်ကိုယ် ပြန်သယ်ပြီဆုတ်လာတာပါ။ သူတို့တပ်စခန်းနယ် မြေတစ်ဝိုက်ကိုတော့ အမြဲလှည့်နေတာပါပဲ” ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုကို ဘုတ်ပြင်းမြို့နယ်ပကဖ၊ ကော့သောင်းခရိုင်အမှတ် ၁တပ်ရင်း၊ တပ်ခွဲ ၂နှင့် KTLA ဗိုလ်ချုပ်မြအထူးတပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML