စွမ်းရည်ရှိ တပ်သားလိုအပ်နေသည်ဟု စစ်တပ် အင်အားနည်းနေမှုကို မင်းအောင်လှိုင် သွယ်၀ိုက်ပြောလာ

ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင် ဥက္ကဋ္ဌ မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၁၅ ရက်မြောက်တိုင်းစစ်ဌာနချုပ် ဟုမ္မလင်းတပ်နယ်ရှိ စစ်သားများကိုတွေ့ဆုံရာတွင် တပ်မတော်၌ စွမ်းရည်ရှိသော တပ်သားများ လိုအပ်နေကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရန် စွမ်းရည်ရှိသည့် တပ်မတော်သားများ လိုအပ်သည်ဟု ၎င်းက ဆိုခြင်းမှာ လက်ရှိစစ်တပ်အတွင်း အရည်အချင်းရှိသူများ ရှားပါးနေပြီဖြစ်ကြောင်း လူသိရှင်ကြား သွယ်ဝိုက်ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက “ဒါဟာ စစ်တပ်ရဲ့ လူသားအရင်းအမြစ် အကျပ်အတည်းကို ပြတာပဲ။ အရင်က တပ်မတော်ဟာ အင်အားတောင့်တင်းပါတယ်လို့ အမြဲကြုံးဝါးခဲ့ပေမဲ့ အခုတော့ အရည်အချင်းရှိသူ လိုအပ်တယ်လို့ ထုတ်ပြောလာရတာက သူတို့ရဲ့ အတွင်းပိုင်း ယိုင်နဲ့နေတာကို ဖုံးမရတော့လို့ပါ” ဟု မှတ်ချက်ပြုသည်။

မင်းအောင်လှိုင်၏ ပြောကြားချက်ထဲတွင် တပ်မတော်သားများအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ အကျိုးကို အကောင်းဆုံး ထမ်းဆောင်ရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။

ထို့ပြင် စစ်ပညာရပ်များ အမြဲတိုးတက်နေသဖြင့် ခေတ်နှင့်အညီ နည်းပညာများ အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုထားပြီး ယင်းအချက်မှာ မြေပြင်တိုက်ပွဲများတွင် တော်လှန်ရေးအဖွဲ့များ၏ ခေတ်မီနည်းဗျူဟာများနှင့် ဒရုန်းစစ်ဆင်ရေးများအောက်တွင် စစ်တပ်က အကြီးအကျယ် အထိနာနေရသည့် အရှိတရားကို ရောင်ပြန်ဟပ်နေခြင်းဖြစ်ကြောင်း အညာဒေသမှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။

“သူတို့ နည်းပညာအဆင့်မြှင့်ဖို့ ပြောနေတာက ကျနော်တို့ရဲ့ တော်လှန်ရေးအင်အားစုတွေဆီက နည်းပညာသစ်တွေကို မယှဉ်နိုင်တော့လို့ပဲ။ စစ်လက်နက်ပစ္စည်းတွေ ထပ်ဖြည့်ဖို့ ညွှန်ကြားနေရတာကလည်း ရှိနေတဲ့ လက်နက်တွေနဲ့ စစ်တိုက်လို့ မနိုင်တော့ဘူးဆိုတာကို ပြနေတာ” ဟု ၎င်းက ဆိုသည်။

မင်းအောင်လှိုင်က လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်ဖြင့် ခုခံရန် ပြောကြားခဲ့မှုမှာ မြေပြင်ရှိ စစ်သားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အောက်ဆုံးထိ ပျက်ပြားနေပြီး တပ်ရင်းလိုက် လက်နက်ချခြင်းနှင့် စခန်းစွန့်ခွာခြင်းများပြားနေမှုကို တန်ပြန်ရန် ကြိုးပမ်းခြင်းသာ ဖြစ်နိုင်သည်ဟု ဆိုကြသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “စစ်သားတွေကို အလံမလှဲနဲ့လို့ ပြောနေပေမဲ့ တကယ့်မြေပြင်မှာတော့ အတင်းအဓမ္မ လူသစ်စုဆောင်းနေရတာက သူတို့ရဲ့ အဓိက အကျပ်အတည်းပဲ။ စွမ်းရည်ရှိသူ လိုအပ်တယ်ဆိုတဲ့ စကားက ရန်ကုန်လို မြို့ကြီးတွေမှာ လူငယ်တွေကို အိမ်ပေါ်တက် ပေါ်တာဆွဲနေတဲ့ လုပ်ရပ်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်” ဟု ထောက်ပြသည်။

စစ်တပ်အတွင်း လူအင်အားရော စွမ်းရည်ပါ လျော့နည်းလာသောကြောင့် နည်းလမ်းမျိုးစုံသုံး၍ လူသစ်စုဆောင်းနေရချိန်တွင် ယခုကဲ့သို့ အရည်အချင်းရှိသူ လိုအပ်သည်ဟု ထပ်လောင်းပြောဆိုလာခြင်းမှာ သင်တန်းဆင်းစ လူသစ်များဖြင့် စစ်ပွဲကို မရပ်တည်နိုင်တော့ကြောင်း ဝန်ခံခြင်းလည်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ဆက်လက်ပြောသည်။

“အုပ်ချုပ်ရေးယန္တရားက မြို့နယ်အတော်များများမှာ ပျက်နေပြီ။ အမိန့်ပေးစနစ်ကလည်း အောက်ခြေမှာ အလုပ်မဖြစ်တော့ဘူး။ ဒါကြောင့်လည်း အသည်းအသန် စွမ်းရည်ရှိသူ ရှာခိုင်းနေတာ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။

တော်လှန်ရေးရဲဘော်များ၏ အမြင်အရ မင်းအောင်လှိုင်၏ စကားများသည် တပ်မတော်ကို အင်အားတောင့်တင်းသယောင် ဝါဒဖြန့်လိုခြင်းဖြစ်သော်လည်း လက်တွေ့တွင်မူ စွမ်းရည်ရှိသည့် လူသားအရင်းအမြစ်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်များကို မဖုံးဖိနိုင်တော့ကြောင်း ထင်ရှားနေကြောင်း အထူးသဖြင့် စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစုဆောင်းခံရသူများမှာ စစ်တိုက်လိုစိတ် မရှိကြောင်း ထောက်ပြသည်။

“သူပြောတဲ့ စွမ်းရည်ရှိတဲ့ တပ်သားဆိုတာမျိုးက အတင်းဖမ်းလာတဲ့ လူငယ်တွေထဲမှာ ရှိမှာမဟုတ်ဘူး။ စစ်တပ်က ကျွမ်းကျင်စစ်သည်တွေ ဆုံးရှုံးနေတာကို အစားမထိုးနိုင်တော့တဲ့ အခြေအနေကို ရောက်နေပြီ” ဟု တော်လှန်ရေးရဲဘော်က ဆက်ပြောသည်။

ယခုကဲ့သို့ စွမ်းရည်ရှိသူ လိုအပ်သည်ဟု မင်းအောင်လှိုင် ကိုယ်တိုင် ထုတ်ပြောလာရခြင်းမှာ စစ်ကော်မရှင်အတွက် အကြီးမားဆုံးသော ရှင်သန်ရပ်တည်ရေး အကျပ်အတည်းကို ရင်ဆိုင်နေရခြင်းပင် ဖြစ်သည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကမူ ယခုကဲ့သို့ စစ်ကော်မရှင်ဘက်မှ စိုးရိမ်တကြီး ပြောဆိုလာမှုသည် တော်လှန်ရေးအင်အားစုများအတွက် အရှိန်မြှင့်ရန် အချက်ပြမှုဖြစ်သည်ဟု ယူဆကြသည်။

“ရန်သူက အားနည်းနေပြီလို့ ဝန်ခံနေချိန်မှာ ကျနော်တို့ဘက်က ပိုပြီး စည်းလုံးဖို့ လိုတယ်။ သူတို့ရဲ့ ဝါဒဖြန့်မှုတွေကြားမှာ မြေပြင်အခြေအနေမှန်ကို သိဖို့က အရေးကြီးတယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။