မင်္ဂလာဒုံ ရဲစခန်းရှိ ဂိတ်ကင်းကို မြို့ပြပြောက်ကျားများ တိုက်ခိုက်

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-မင်္ဂလာဒုံ ရဲစခန်းအားတွေ့ရစဉ်

ရန်ကုန်တိုင်း ၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံရဲစခန်းမှ ဂိတ်ကင်းကို မြို့ပြပြောက်ကျားများက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၅ ရက်) ည ၆ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် မင်္ဂလာဒုံမြို့နယ် ၊ ပြည်လမ်းမပေါ်ရှိ မင်္ဂလာဒုံရဲစခန်း ဂိတ်ကင်းတွင် ရဲ ၄ ဦးရှိနေစဉ် ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA)က သတင်းထုတ်ပြန်ထားသည်။

“ဂိတ်မှာ ၄ကောင်။သူတို့ အခြေအနေက မသေတော့ မသေချာဘူး။ မိုင်း၂ လုံးလုံးတော့ ကွဲပါတယ်။ အထဲက အင်အားတော့ သေချာ မသိပါဘူး”ဟု Yangon Army (YA) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းတွင် မင်္ဂလာဒုံ ရဲစခန်းပတ်ဝန်းကျင်ကို လမ်းပိတ်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့(ဖေဖော်ဝါရီ ၁၆ ရက်) နံနက်ပိုင်း အခြေအနေကိုမူ မသိရှိရသေးပေ။

ယင်းတိုက်ခိုက်မှုကို Yangon Army (YA)နှင့် ရန်ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၇ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက် ည ၁၂နာရီခန့်ကလည်း မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံနယ်မြေရဲစခန်းမှ အိမ်စီးကားတစ်စီးနှင့် ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ်ထွက်လာသည့် ရဲများကို ရဲစခန်းရှေ့တွင်ပင် Yangon Army (YA)နှင့် ရန်ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၇ တို့က ရှေ့ထွက်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။