ထိုင်ဝမ်အနေဖြင့် စစ်ရေးကဏ္ဍကို ပိုမိုအင်အားတောင့်တင်းအောင် အရှိန်မြှင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သမ္မတ လိုင်ချင်တယ်က ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်သည့် တရုတ်နှစ်သစ်ကူးသဝဏ်လွှာ၌ ပြောကြားသည်။
တရုတ်နိုင်ငံကို တုံ့ပြန်ရန်အတွက် ထပ်တိုးကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ သုံးစွဲရန် သမ္မတလိုင်က ပြီးခဲ့သည့်နှစ်တွင် အဆိုပြုခဲ့သည်။
သို့သော် လွှတ်တော်တွင် အများစုအနိုင်ရထားသည့် အတိုက်အခံပါတီက အဆိုပါအဆိုပြုချက်ကို ပြန်လည်သုံးသပ်ရန် ငြင်းဆိုခဲ့ပြီး၊ ယင်းအစား သမ္မတလိုင် အလိုရှိသည့် အမေရိကန်လက်နက်အချို့ကိုသာ ဝယ်ယူနိုင်မည့် ဘတ်ဂျက်ပမာဏပိုမိုနည်းသည့် ၎င်းတို့၏ အဆိုပြုချက်ကိုသာ ခွင့်ပြုခဲ့သည်။
ယခုလအစောပိုင်းက သွားရောက်ခဲ့သည့် ထိုင်ဝမ်၏ အရေးကြီးဆုံး စစ်ဘက်ရေဒါစခန်းတစ်ခုတွင် ရိုက်ကူးခဲ့သည့် ဗီဒီယိုအား တရုတ်နှစ်သစ်ကူး မိန့်ခွန်းအဖြစ် ထုတ်ပြန်ချက်တွင် ထိုင်ဝမ်ကို အချိန်ပြည့် ကာကွယ်စောင့်ရှောက်ပေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့များကို ကျေးဇူးတင်ရှိကြောင်း လိုင်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့ ပြည်သူ့လုံခြုံရေး ကြိုးပမ်းမှုတွေကို ဆက်လက်အားကောင်းအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး၊ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ကာ လူမှုစီးပွားတည်ငြိမ်မှုကို ထိန်းသိမ်းသွားမှာပါ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည့် သဝဏ်လွှာ၌ ပြောဆိုထားသည်။
အဆိုပါ ရုပ်သံသဝဏ်လွှာတွင် သမ္မတလိုင်အား အမြင့်ပိုင်းရှိ ရှောင်ရွှယ်ရှန်း (Hsiaohsuehshan) ရေဒါစခန်း၌ အရာရှိများနှင့် စကားပြောဆိုနေသည်ကို တွေ့ရသည်။
ထို့ပြင် အဆိုပါဗီဒီယိုတွင် ရေအောက်စမ်းသပ်မှုများ ပြုလုပ်နေသည့် ထိုင်ဝမ်၏ ပထမဆုံး ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသော ရေငုပ်သင်္ဘော၏ ရုပ်သံမှတ်တမ်းများလည်း ပါဝင်သည်။
တရုတ် အစိုးရက ၎င်းတို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခိုင်အမာပြောဆိုချက်များကို ငြင်းပယ်ခြင်းကြောင့် “ခွဲထွက်ရေးသမား” ဟု ရှုတ်ချထားခြင်းခံရသူ သမ္မတလိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းက ကျွန်းပတ်ပတ်လည်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံဘက်သို့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပေးပို့ခဲ့ခြင်းမရှိပေ။
