ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း ကုန်စည်မပြတ်သလို ဈေးနှုန်းလည်း ပုံမှန်အတိုင်း ရှိနေသေးကြောင်း သိရသည်။
ဇန်နဝါရီ ၃၀ ရက်မှစတင်၍ ဖေဖော်ဝါရီ ၁၄ရက်အထိ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်အနောက် ဘက်ရှိ ထုံးဘိုရွာ၊ အမှိုက်ပုံရွာနှင့် ငြိမ်းချမ်းသာယာရွာ (ခ) ခွန်ဆာကုန်းတို့တွင် တိုက်ပွဲများဖြစ်ပွား ခဲ့ပြီး ယနေ့(ဖေဖေါ်ဝါရီ၁၇ရက်)အထိ စစ်ရေးတင်းမာလျက်ရှိသည်။
” ကာမိုင်း – ဖားကန့်လမ်းကြောရှိတယ်။ နောက်တစ်ခုက ဝှေခါ – အင်းတော်ကြီး – ဆိပ်မူ လမ်းတစ်ခုရှိတယ်။ နှစ်ခုရှိတယ်ပေါ့နော် ဒါကတော့(ကုန်စည်) တည့်စီးဆင်းတာပါ။ နောက်တစ်ခုက တာမခန် – ဟောင်ပါးဆိုပြီး ရေလမ်းကြောင်းတစ်ခုရှိသေးတယ်။ ဒီရေလမ်းကတော့ ဖားကန့်မြို့ရဲ့ ကုန်စည်စီးဆင်းမှုကို အပြည့်အဝဖြည့်ပေးနိုင်တာတော့ မဟုတ်ဘူး။ လောလောဆယ်တော့ ကုန်စည် စီးဆင်းမှုအနေအထားက စီးဆင်းလည်ပတ်ဆဲဗျ။ တိုက်ပွဲဖြစ်တာက ဖြစ်တာပဲ။ ကုန်စည်စီးဆင်းမှုက မပြတ်တောက်သေးဘူး ” ဟု ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက MPA ကို ပြောသည်။
တိုက်ပွဲများကြောင့် စစ်ရှောင်နေကြသော ပြည်သူများသာ နေရပ်ခေတ္တ ရွှေ့ပြောင်းရသဖြင့် ကုန်ပ စ္စည်းများ ဝယ်ယူရာတွင် အနည်းငယ် အခက်တွေ့ကြောင်း သိရသည်။
” ခုရက်ထဲတော့ တိုက်ပွဲက နည်းနည်းငြိမ်နေတယ်ဗျ။ ပြည်သူတွေလည်း တချို့ပြန်နေကြတယ်။ တချို့ကလည်း မပြန်ရဲကြသေးဘူး ” ဟု ၎င်းကပြောသည်။
ဖားကန့်မြို့နယ်တွင် ဆန်တစ်အိတ်လျှင် အမျိုးအစားအလိုက် ကျပ်တစ်သိန်းမှ နှစ်သိန်းကြားရှိနေပြီး၊ ကြက်ဥတစ်ကတ်လျှင် ကျပ်၁၇,၀၀၀ ၊ ဓာတ်ဆီ တစ်ဂါလံလျှင် ကိပ်၃၇,၀၀၀ ဝန်းကျင် ရှိနေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၄ရက် ညပိုင်းက ငြိမ်းချမ်းသာယာရွာ (ခ) ခွန်ဆာကုန်းရှိ လုံးခင်းနယ်မြေရဲစခန်းမှ KIA ပူးပေါင်းတပ်များ ပြန်ဆုတ်သွားပြီးနောက်ပိုင်းမှ ယနေ့ ညနေပိုင်းအထိ ဖားကန့်မြို့နယ်၌ တိုက်ပွဲဖြစ် ပွား ခြင်းမရှိသေးပေ။
ဇန်နဝါရီ ၃၀ရက်ကစ၍ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် သီလရှင်ကုန်းမှ စစ်တပ်က စတင်စစ်ကြောင်းထိုးလာရာမှ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၄ရက်က ပိတ်ထားခဲ့သော ဖားကန့်မြို့၊ မြို့မရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက်ကို ချိတ်ဆက်ထားသည့် ဥရုရတနာ ကျောက်စိမ်းတောင် တံတားကို ဖေဖော်ဝါရီ ၁၅ရက်တွင် စစ်တပ်က ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။
