မွန်ဝန်ကြီးချုပ် မဲလိမ်မဲခိုးသည်ဟု ဒေသခံတို့ သံသယရှိသော်လည်း မွန်ပါတီ ကန့်ကွက်လွှာမတင်ရဲ

ဓာတ်ပုံ - ပေးပို့
ပုံစာ-တရားမဝင် မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်း မဲပေးနေစဉ်

လက်ရှိ မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ ရွေးကောက်ပွဲအနိုင်ရလဒ် ကို ဒေသခံတို့က သံသယရှိသော်လည်း မွန်ညီညွတ်ရေးပါတီက ကန့်ကွက်လွှာ မတင်ရဲကြောင်း သိရသည်။

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(မဲအများဆုံးရသူအနိုင်ယူစနစ်)မှ ကြံ့ ဖွံ့အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သော အောင်ကြည်သိန်းသည် မွန်ညီညွတ်ရေးပါတီအ မတ်လောင်း နိုင်ထွန်းဦးကို မဲရုံမဲရရှိမှု ရှုံးနိမ့်ခဲ့ပြီး ကြိုတင်မဲအသာဖြင့် အနိုင်ရရှိခဲ့သည့်အပေါ် ဒေသခံ များက မယုံကြည်ကြကြောင်း ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးထံက သိရသည်။

“အောင်ကြည်သိန်းနိုင်သွားတာက ဒီဇင်ဘာ၂၈ရက်ည၁၀နာရီခွဲကျော်မှ ရောက်လာတဲ့ နောက်ကျမဲနဲ့ နိုင်သွားတယ်။ဘယ်ကရောက်လာမှန်းမသိတဲ့ နောက်ကျမဲပေါ့။ရွေးကော်က မဲစာရင်းထွက်လာတော့ လည်း အောင်ကြည်သိန်းက ကြိုတင်မဲအသာနဲ့ ကပ်နိုင်သွားတာတွေ့ရတယ်။ပြည်သူတွေက အောင် ကြည်သိန်းက ဝန်ကြီးချုပ်အာဏာနဲ့ ကလိမ်ကျတယ်လို့ ယုံတယ်။ဒါပေမဲ့၊မွန်ပါတီက ကြံ့ဖွံ့ကို ကြောက်တော့ ကန့်ကွက်လွှာ မတင်တော့ဘူး”ဟု ၎င်းက MPAသို့ပြောသည်။

ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းများက နစ်နာမှုရှိသည်ဟု ယူဆလျှင် ကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်း ဖေဖေါ်ဝါရီ၁၃ရက်က ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါ တီတို့ တွေ့ဆုံချိန်တွင် မင်းအောင်လှိုင်ခန့် ရွေးကော်ဥက္ကဌသန်းစိုးက ပြောကြားခဲ့သည်။

“ကျနော်တို့မွန်ပြည်နယ်မှာ အောင်ကြည်သိန်းအနိုင်ရလဒ်က ကန့်ကွက်လွှာတင်ကိုတင်ရမှာပါ။ဒါပေ မဲ့၊မွန်ပါတီ(မွန်ညီညွတ်ရေးပါတီ)ရဲ့ နိုင်ငံရေးအဆင့်အတန်းက ကျားသနားမှ နွားချမ်းသာ ဆိုတဲ့ဘဝ မျိုးပါ။စစ်တပ်ကိုလည်းကြောက်ရတယ်။ကြံ့ဖွံ့ကိုလည်း ကြောက်ရတယ်။ပြီးတော့ ကန့်ကွက်လွှာ တင်ရင်လည်း ပြန်အနိုင်မရဘဲ ငွေပဲရှုံးမှာ သေချာတာလည်း ပါမယ်ထင်တယ်”ဟု ၎င်းက ဆက်လက် ပြောသည်။

အောင်ကြည်သိန်းသည် မဲရုံမဲ ၁၈၉၆၁မဲ၊ ကြိုတင်မဲ ၂၁၇၀ မဲ ၊စုစုပေါင်း ၂၁၁၃၁မဲ ရရှိခဲ့ပြီး မွန်ညီ ညွတ်ရေးပါတီ အမတ်လောင်း နိုင်ထွန်းဦးမှာ မဲရုံမဲ ၂၀၀၃၂မဲ၊ ကြိုတင်မဲ ၅၈၃မဲ၊စုစုပေါင်း ၂၀၆၁၅ မဲ ရရှိကာ ၅၁၆မဲ အကွာဖြင့် အောင်ကြည်သိန်းအနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ် ပြန်ချက်အရ သိသည်။

တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ် ပြုလုပ်သည့် မဲဆန္ဒနယ်များတွင် ပွင့်လင်းမြင်သာမှုမရှိသော ကြိုတင်မဲပြဿနာများကို ကြံ့ဖွံ့မဟုတ်သော ပါတီအချို့က ထောက်ပြကြသော်လည်း ရွေးကောက် ပွဲကော်မရှင်က မသိချင်ယောင်ဆောင်ခဲ့သည်။

ရွေးကော်ဥက္ကဌ သန်းစိုးက နစ်နာမှုရှိလျှင် ကန့်ကွက်လွှာတင်ကြရန် ပြောကြားထားသော်လည်း ဖေဖေါ်ဝါရီ၁၇ရက်အထိ ကန့်ကွက်လွှာတင်သူရှိကြောင်း မကြားရသေးပေ။