မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများသည် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများနှင့် အာဟာရချို့တဲ့မှုများကြောင့် ၃ လမှ ၆ လအထိ ဓမ္မတာထိန်ခြင်း ဝေဒနာကို ဆိုးရွားစွာ ခံစားနေကြရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယနေ့ (ဖေဖော်ဝါရီ ၁၈) ထုတ်ပြန်ချက်အရ သိရသည်။
ယခုကဲ့သို့ အမျိုးသမီးများ ဓမ္မတာထိန်ခြင်း ဝေဒနာဖြစ်ပေါ်နေရခြင်းသည် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်း၊ အာဟာရပြည့်ဝသည့် အစားအသောက်များ မရရှိခြင်း၊ သံဓာတ်ချို့တဲ့ခြင်းနှင့် စိတ်ဖိစီးမှု မြင့်မားခြင်းတို့ကြောင့် အမျိုးသမီးများ၏ ဇီဝကမ္မဖြစ်စဉ်များ ရပ်တန့်ကာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကိုပါ ဆက်တိုက် ခံစားနေကြရခြင်းဖြစ်သည်။
“စစ်ကြောရေးစခန်းနဲ့အကျဉ်းထောင်တွေထဲမှာ အာဟာရပြည့်ဝတဲ့အစားသောက်မရတာ၊ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ဒဏ်တွေကြောင့် အမျိုးသမီးအကျဉ်းသူတွေဟာ ဓမ္မတာပုံမှန်မလာကြတဲ့ဝေဒနာတွေခံစားနေရပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေပါကြုံတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူအားလုံးအနေနဲ့တာဝန်ယူပေးရမှာဖြစ်ပါတယ်။ ထောင်ထဲက နိုင်ငံရေးအကျဉ်းသူတွေကို မေ့မထားကြဖို့တိုက်တွန်းလိုပါတယ်။” ဟု AAPP မှာ ဦးအောင်မျိုးကျော်ကဆိုသည်။
လစဉ်ဓမ္မတာနှင့် ပတ်သက်၍ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုမှာ လုံးဝမရှိသလောက်ဖြစ်နေပြီး နာကျင်ကိုက်ခဲမှုများအတွက် ပါရာစီတမောနှင့် အကိုက်အခဲပျောက်ဆေးများကိုသာ အလွယ်တကူ တိုက်ကျွေးလေ့ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက ဆိုသည်။
“အတူနေ ညီမလေးတစ်ယောက်ဆို သုံးလေးလလောက်ရှိပြီ ရာသီမလာတော့ဘူး။ အထဲမှာက Stress နဲ့ Pressure တွေလည်း ပါတာပေါ့။ သီးသန့် အမျိုးသမီးဆရာဝန်နဲ့ ပြချင်လို့လည်း သူတို့အနေနဲ့ ညွှန်ကြားပေးတာမျိုး မရှိဘူး” ဟု ၎င်းက ပြောသည်။
အမျိုးသမီး လစဉ်သုံးပစ္စည်းများကို တစ်လလျှင် တစ်ကြိမ်သာ ထုတ်ပေးလေ့ရှိပြီး လိုအပ်သည့် ဆေးဝါးများ သွင်းခွင့်ရရန်အတွက် အကျဉ်းထောင်အာဏာပိုင်များကို အမြဲတစေ တိုက်ယူတောင်းဆိုနေရကြောင်းလည်း သူမက ဆက်လက်ပြော သည်။
အကျဉ်းထောင်များအတွင်း စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများနှင့် အမြဲတစေ ကြောက်လန့်နေရမှုတို့သည် အမျိုးသမီးများ၏ ဦးနှောက်ရှိ ဟော်မုန်းထိန်းချုပ်မှုစနစ် (Hypothalamus) ကို တိုက်ရိုက် ထိခိုက်စေပြီး ဓမ္မတာ လုံးဝရပ်တန့်သွားစေကြောင်း ကျန်းမာရေး CDM ဝန်ထမ်းဖြစ်သူ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက ထောက်ပြသည်။
ထို့ပြင် မဟော်မုန်း (Estrogen) ထွက်ရှိမှု နည်းပါးသွားခြင်းကြောင့် အရိုးပွရောဂါ (Osteoporosis)၊ နှလုံးကျန်းမာရေး ထိခိုက်မှု၊ စိတ်ကျရောဂါနှင့် စိတ်ဒဏ်ရာ (PTSD) များကို ပိုမိုခံစားရစေနိုင်ကြောင်း ကျန်းမာရေးရှုထောင့်မှ ၎င်းက ရှင်းပြသည်။
“အကျဉ်းထောင်အာဏာပိုင်တွေက အကျဉ်းသူတွေရဲ့ ဝေဒနာကို ဟန်ဆောင်တယ်လို့ပဲ သတ်မှတ်ပြီး ပြင်ပဆေးရုံတွေကို လွှဲပြောင်းပေးဖို့ ငြင်းဆန်လေ့ရှိတယ်” ဟု ၎င်းက ဆိုသည်။
အချို့သော နိုင်ငံရေးအကျဉ်းသူများမှာ ထောင်မှလွတ်မြောက်လာပြီးနောက် ပြင်ပရောက်မှသာ ကျန်းမာရေးစစ်ဆေးမှုများ ခံယူရကာ အမျိုးသမီးရောဂါများကြောင့် ခွဲစိတ်ကုသရမှုများပင် ရှိနေသည်။
ထို့ပြင် အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ သောက်သုံးရမှုကြောင့် ကျောက်ကပ်ရောဂါများကိုပါ နောက်ဆက်တွဲ ခံစားနေကြရသည်။
လက်ရှိအခြေအနေသည် ရိုးရှင်းသော ကျန်းမာရေးပြဿနာတစ်ခုတည်းမဟုတ်ဘဲ အမျိုးသမီးများ၏ ရေရှည်မျိုးဆက်ပွားကျန်းမာရေးနှင့် မျိုးဆက်တစ်ခုလုံး၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည့် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်ဖြစ်ကြောင်း AAPP က ထောက်ပြထားသည်။
ယင်းကြောင့် အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသူ/သားများအတွက် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးနှင့် အဆိုပါပြဿနာများကို ဖြေရှင်းပေးရေးရန် အဓိက တာဝန်ရှိသည့် စစ်ကော်မရှင်အား ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး အဖွဲ့အစည်းများအနေဖြင့် အထူးအလေးထား စောင့်ကြည့်ကာ ပြင်းပြင်းထန်ထန် ဖိအားပေးကြရန် AAPP က တိုက်တွန်း တောင်းဆိုထားသည်။
AAPP ၏ မှတ်တမ်းများအရ လက်ရှိတွင် စစ်ကော်မရှင် ထိန်းချုပ်ထားသော အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၂,၇၈၃) ဦးရှိပြီး ယင်းတို့အနက် အမျိုးသမီး (၄,၃၀၈) ဦး ပါဝင်သည်။
