ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်တွင် အဝါရောင်ကျောင်းကားဖြင့် ပေါ်တာဆွဲနေသည်မှာ ၂ကြိမ် ရှိပြီ ဖြစ်ကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ်တွင် ဖေဖေါ်ဝါရီ၁၆ရက်နှင့် ၉ရက်တို့၌ အဝါရောင်ကျောင်းကားကို အသုံးပြုကာ ရဲများက ပေါ်တာလိုက်ဆွဲခြင်းဖြစ်ပြီး လူငယ်အမျိုးသား၉ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ Scout Yangon နှင့် Hlaing Info တို့၏ ထုတ်ပြန်ချက်များအရ သိရ သည်။
“တောင်ဒဂုံထဲ အဝါရောင်ကျောင်းကားနဲ့ လိုက်ဆွဲသွားတာကို သိရတာ ၂ ခါ ရှိပါပြီဗျ။ Hlaing Info နဲ့ Scout Yangon အဖွဲ့တွေဆီကနေ တစ်ဆင့်သိရတာပါ။ ခု ပြည်ထောင်စုလမ်းမှာ ဖမ်းသွားတာမှာ ကားပေါ်က ဆင်းပြီး ဆွဲတာ ရဲတွေလို့ ပြောတယ်ဗျ။ ရဲ ၄ ယောက် ဆင်းဆွဲတာလို့ သိရပါတယ်။ ယူနီဖောင်းဝတ်လား၊ အရပ်ဝတ်လားတော့ မသိရသေးပါဘူး၊ လက်နက်တွေပါတာတော့ သိရပါတယ် ဗျ”ဖေဖေါ်ဝါရီ၁၆ရက် ဖမ်းဆီးမှုကို Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
ဖေဖော်ဝါရီ ၁၆ ရက်၊ ည ၇ နာရီခန့်တွင် တောင်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ် လှော်ကား လမ်းထိပ်အနီး စက်မှု ၂ ကားမှတ်တိုင်ဝန်းကျင်၌ အမျိုးသား ၂ ဦး လမ်းလျှောက်လာနေစဉ် အဝါ ရောင်ကျောင်းကားတစ်စီးဖြင့် ရဲ ၄ဦး ရောက်လာကာ ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားကြောင်း Scout Yangon က ဆိုသည်။
“ကျောင်းကားနဲ့ လိုက်ဆွဲတာတော့ ခုနောက်ပိုင်းမှ သိရတာပါ။ အရင်က လူနာတင်ယာဉ်တွေနဲ့ လိုက်ဆွဲတာ မကြာခဏတွေ့ရပါတယ်ဗျ။ အိမ်စီးကားတွေ သုံးပြီး ဆွဲတာကတော့ ဟိုးအရင် စစ်မှုထမ်း မကြေညာခင် ၁၀၂၇(၁၀၂၇စစ်ဆင်ရေး) ကာလ လိုက်ဆွဲကတည်းကပါ။ ခုထိပါပဲဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဖေဖေါ်ဝါရီ၉ရက်၊ညနေ ၄နာရီခွဲခန့်တွင် တောင်ဒဂုံဂိတ်ဟောင်းလမ်းဆုံမီးပွိုင့်အနီးရှိ လမ်းဘေးအ ကင်ဆိုင်၌ အကင်ဝယ်နေသည့် လူငယ် ၇ဦးကို မောင်းမကန်ကျောင်းတံဆိပ်ပါ အဝါရောင်ကျောင်း ကား တစ်စီးဖြင့် ရောက်လာသည့် ရဲယူနီဖောင်းဝတ် ၄ဦးက ဖမ်းဆီးသွား ကြောင်း Hlaing Info က သတင်းထုတ်ပြန်သည်။
ယင်း၇ဦးအနက် ၅ဦးမှာ ကျောင်းသားအရွယ် လူပျိုပေါက်များဖြစ်ပြီး ကျန်၂ဦးမှာ အသက်၂၅နှစ်နှင့် ၃၀ အရွယ်တို့ဖြစ်ကြကာ ၎င်းတို့အား မည်သည့်အကြောင်းကြောင့် ဖမ်း၍ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသလဲဆိုသည်ကို မသိရသေးကြောင်း Hlaing Info ကဆိုသည်။
