ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းသွားပြီးနောက် ပုလဲနယ်အတွင်းရှိ ပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား စိုးရိမ်ချက်များ မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
တော်လှန်ရေးအတွင်း လူသိများခဲ့သည့် BNRA ခေါင်းဆောင် ဗိုလ်နဂါးသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် လက်နက် ၆ လက်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကော်မရှင်တပ်ထံသို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း စစ်တပ်ပိုင်မီဒီယာများက ထုတ်ပြန်ထားသည်။
“ကြောက်ရတယ်လေ။ နဂါးက တော်လှန်ရေးသမား တော်တော်များများနဲ့ ဆက်ဆံဖူးတော့ ဘယ်သူတွေ ဘယ်လိုနေရာမျိုးမှာ နေတတ်တယ်ဆိုတာ သိနေတယ်။ ပြီးတော့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်နဲ့ ဗုံးလိုက်ကြဲခိုင်းမှာလည်း သေချာတယ်။ အဲဒီတော့ လေကြောင်းအန္တရာယ်ကို ပိုကြောက်ရတယ်။ ဘာလို့လဲဆိုတော့ မနေ့က BNRA ဘက်ကနေ NUG ဘက်ကို ပူးပေါင်းတဲ့ BNRA ကားကို သူတို့ကပဲ သတင်းပေးပြီး ပါရာမော်တာ (Paramotor) နဲ့ ဗုံးလိုက်ကြဲခိုင်းတာဆိုတော့ အခုလို စစ်တပ်နဲ့ ပေါင်းသွားချိန်မှာ လေကြောင်းအန္တရာယ်ကို ပိုစိုးရိမ်ရတာပေါ့” ဟု ပုလဲမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။
စစ်တပ်နှင့် ပူးပေါင်းသွားပြီး နာရီပိုင်းအကြာတွင် ပုလဲနယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က စက်တပ်လေထီး (Paramotor) များ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ဗိုလ်နဂါးအနေဖြင့် ယင်းမာပင်ခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ၊ NUG ယန္တရားလက်တံများနှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးအရရော၊ ဖြတ်သန်းမှုများအရပါ အခဲမကျေနိုင်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တပ်ဖျောက်ခြင်း၊ တပ်ရွှေ့ခြင်းများကို အမြန်ဆုံးလုပ်ဆောင်ရန်၊ လုံခြုံရေးအစီအမံများ တင်းကျပ်ရန်၊ ဒေသခံပြည်သူများအပေါ် ကျရောက်လာမည့် အန္တရာယ်ကို ကြိုတင်ပြင်ဆင်ရန်နှင့် သတင်းအချက်အလက်များ မြန်မြန်ဆန်ဆန် စီးဆင်းနိုင်စေရန် ဖြန့်ကျက်ထားရန် လိုအပ်ကြောင်း ဒေသခံတစ်ဦးဖြစ်သည့် ကိုနှင်းရိပ်နွေက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် တိုက်တွန်းရေးသားထားသည်။
“ပြည်သူတွေကလည်း နောက်ကျောမလုံဖြစ်နေကြတာ၊ အထုတ်အပိုးတွေ ပြင်ထားပြီးသားပဲ။ အဓိကကတော့ လေကြောင်းအန္တရာယ်ကို နားစွင့်နေရတယ်။ မင်းတိုင်ပင်က စစ်ရှောင်တွေဆိုရင်လည်း ပြေးဖို့ပဲ ပြင်ထားတော့တာ။ အခုက နဂိုရှိတဲ့ စစ်တပ်ရော၊ လက်နက်ချသွားတဲ့ ဗိုလ်နဂါးရော နှစ်ဖက်လုံးကို ကြောက်နေရတာ။ ပြည်သူကတော့ မိအေး ဆယ်ခါမက နာနေပြီ” ဟု ပုလဲမြို့နယ်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ကလည်း BNRA ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် အဖွဲ့ဝင်များ ကျူးလွန်ခဲ့သည့် လူသတ်မှု၊ မုဒိမ်းမှု၊ အလောင်းဖျောက်ဖျက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ အပါအဝင် ရာဇဝတ်မှု ၇ ခုခန့်ကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
“နဂါးကျူးလွန်ထားတာတွေက အများကြီးပဲ။ MRDA အနေနဲ့တုန်းကလည်း သူ့လက်အောက်ကလူတွေက သေနတ်ရှိတိုင်း လူတကာကို ခြိမ်းခြောက်တဲ့အကြည့်တွေနဲ့ ကြည့်တာ။ ရွာတွေထဲဆိုလည်း အရပ်သားတွေကြားထဲမှာ သေနတ်တကားကားနဲ့ လျှောက်သွားနေကြတာ။ သူတို့နေတဲ့ နေရာတိုင်းမှာ ပြဿနာမဖြစ်ခဲ့ဘူးဆိုတာ မရှိဘူး” ဟု ဗိုလ်နဂါးလက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းများနှင့် BNRA တပ်များကြား ၄ နာရီခန့်အကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စစ်ကော်မရှင်တပ်ထံသို့ ဗိုလ်နဂါးက လက်နက်ချခဲ့ခြင်း ဖြစ်သည်။
