ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်ဂိတ်ကို PDFတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၅ဦးသေဆုံးကြောင်း သိရသည်။
ယနေ့ ( ဖေဖော်ဝါရီ ၁၉ရက် ) နံနက် ၆နာရီ ၁၅မိနစ်ခန့်တွင် အင်အား ၂၀ ခန့်ရှိ ကြို့ပင်ကောက်မြို့ အဝင် သိုက်တူးကုန်းစစ်တပ်ဂိတ်ကို PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ချိန် ၁၀ မိနစ်ခန့်ကြာခဲ့ကြောင်း သိရသည်။
” ကြို့ပင်ကောက် ရဲကင်းစခန်းကနေ ဂိတ်စောင့်ရအောင် လာပို့တဲ့ကားကို စောင့်ကြိုတိုက်ခိုက် တာဗျ။ဂိတ်မှာ ညဘက်နေတာ မဟုတ်ဘဲ ဂိတ်ဖွင့်ချိန်မှ မြို့ထဲကနေ လာပို့တာပါ။ ကျနော်တို့ တိုက်ခိုက်တော့ ဂိတ်ကဖွင့်နေပြီ။ စစ်သားတွေလည်း ပြန်ပစ်တယ်ဗျ။ မြို့ဝင်ဂိတ်ဆိုတော့ ကျနော်တို့ လည်း မြန်မြန်ပြန်လည်ဆုတ်ခွာခဲ့ရတယ် ” ဟု ၃၈၀၁တပ်ရင်း တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲရေး တာဝန်ခံ ရဲဘော်ဆင်ရိုင်းက MPA ကို ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသော စစ်အုပ်စုဝင်များကို ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းကပြောသည်။
” ခုတော့ နောက် စစ်အင်အား အပြည့် ထပ်ဖြည့်ထားတယ်။ ပြီးတော့တပ်ဖြန့်ပြီး ကင်းပုန်းဝပ်နေ ပါတယ်ဗျ ” ဟု ယနေ့ မွန်းလွဲ ၂နာရီခန့်တွင် ၎င်းကပြောသည်။
သိုက်တူးကုန်းဂိတ်နှင့် ကြို့ပင်ကောက်မြို့သည် တစ်မိုင်ခွဲခန့်ကွာဝေးသည်။
ယင်းတိုက်ခိုက်မှုကို ၃၈၀၁ တပ်ရင်း တပ်ခွဲ ၅နှင့် ၃၈၀၂တပ်ရင်း၊ တပ်ခွဲ ၆တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်အုပ်စုဝင်များ သေဆုံး၊ဒဏ်ရာရမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
