ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူအပေါ် တိုင်ကြားမှုများအတွက် အရေးယူမှုများ ဆက်လက်ရှိမည်ဟု ဒေါက်တာ ဇော်ဝေစိုး ဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို ရာထူးတာဝန်မှ ယာယီရပ်နားထားဆဲဖြစ်ပြီး ပြန်လည်ခန့်အပ်ခြင်းမရှိသေးကြောင်းနှင့် အရေးယူမှုများ ဆက်တိုက်လုပ်ရန်ရှိကြောင်း NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုလိုက်သည်။

အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဇော်ဝေစိုးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

“ကျနော်တို့ စစ်ဆေးစဉ်ကနေ ယခုအချိန်ထိ ဒီအမှုအခင်းနဲ့ ပတ်သက်တဲ့သူတွေ အစိုးရအဖွဲ့ထဲမှာ ဆက်ပြီးအဲဒီနေရာမှာ စစ်ဆေးဖို့အတွက် ယာယီရပ်နားတယ်ဆိုတာ ထုတ်ထားတာတွေ့ရပါတယ်။ ယခုအထိလည်း ပြန်မခန့်ရသေးပါဘူး။ ယာယီရပ်နားထားဆဲဖြစ်ပါတယ်။” ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။

NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကလည်း အမှုနှင့်ပတ်သက်၍ တာဝန်မှ ရပ်နားရန် စာထုတ်ရမည့်ကိစ္စများ ဆက်လက်ရှိနေကြောင်း၊ ပထမဦးဆုံး သတိပေးစာမှာ ပေါက်ကြားခြင်းဖြစ်ကြောင်း ပြောဆိုသည်။

၎င်းက ဆက်လက်၍ “အခုထုတ်ပြန်လိုက်တဲ့စာဟာ အများပြည်သူကို ထုတ်ပြန်တဲ့စာမဟုတ်ခဲ့ပါဘူး။ သက်ဆိုင်ရာတိုင်ကြားသူတွေနဲ့ တိုင်ကြားခံရသူတွေဆီပဲ ပို့ခဲ့တာပါ။ မကြည်ပြာကို သတိပေးတယ်ဆိုတဲ့ဟာကို မကြည်ပြာဆီပို့တယ်။ အဲဒီစာက အပြင်ကို ပေါက်ထွက်သွားတယ်ဆိုတဲ့သဘောပါ။ ဒါက Public Statement အနေနဲ့ ထုတ်ပြန်ခဲ့တာမဟုတ်ဘူး” ဟု ရှင်းလင်းပြောကြားသည်။

ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူ ဦးညီညီမင်း (ပညာရေးဝန်ကြီးဌာန၊ ရုံးဦးစီးအဖွဲ့မှူး – ညွှန်ကြားရေးမှူးချုပ်အဆင့်) တို့သည် တော်လှန်ရေးကာလအတွင်း အာဏာအလွဲသုံးစားလုပ်ခြင်း၊ အဂတိလိုက်စားခြင်းနှင့် ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ဒေါ်ကြည်ပြာ၏ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းအား ခန့်အပ်ရာတွင်လည်း ဝန်ထမ်းစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိကို ယနေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများမှ မေးမြန်းခဲ့သော်လည်း တိကျပြတ်သားစွာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

စုံစမ်းစစ်ဆေးရေးခုံရုံးအနေဖြင့် တွေ့ရှိချက်များကို ဝန်ကြီးချုပ်ထံ တင်ပြထားပြီးဖြစ်ကာ အရေးယူဆောင်ရွက်မှုများကို တောက်လျှောက်လုပ်ဆောင်နေကြောင်း၊ သို့သော်လည်း စစ်ဆေးမေးမြန်းမှု မှတ်တမ်းအသေးစိတ်ကိုမူ အများပြည်သူသို့ ချပြရန် အစီအစဉ်မရှိကြောင်း အစိုးရအဖွဲ့က ဆိုသည်။

ဒေါ်ကြည်ပြာဘက်ကမူ လက်ရှိစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် တိုင်ကြားသူများနှင့် ပုဂ္ဂိုလ်ရေးအရ ပတ်သက်နေသူများ ပါဝင်နေသဖြင့် အဖွဲ့၏ မျှတမှုအပေါ် ကန့်ကွက်ထားသည်။

အခြားတစ်ဖက်တွင်လည်း CDM ကျန်းမာရေးကွန်ရက်က ဒေါ်ကြည်ပြာအား ရာထူးမှထုတ်ပယ်ရန်နှင့် အလွဲသုံးစားလုပ်ထားသည့် ငွေကြေးများ ပြန်လည်ပေးလျော်ရန် တောင်းဆိုထားပြီး၊ ဆောင်ရွက်ပေးခြင်းမရှိပါက NUG နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းမည်ဟု ကြေညာထားသည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် NUG ဝန်ကြီးချုပ်ရုံးမှ တွဲဖက်အတွင်းဝန် ၂ ဦး၊ ညွှန်ကြားရေးမှူးနှင့် ရုံးအဖွဲ့ဝင် ဝန်ထမ်းဟောင်း ၁၉ ဦးက ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

NUG အစိုးရအနေဖြင့် ယခုဖြစ်စဉ်အပေါ် သင်ခန်းစာယူပြီး သမာသမတ်ကျစွာ ဆုံးဖြတ်ချက်ချကာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုးက အတည်ပြုပြောကြားခဲ့သည်။

စာတည်း-ကိုဆန်း