ထိုင်းရွေးကောက်ပွဲအနိုင်ရ ဘူမ်ဂျိုင်ထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းဖွဲ့စည်းမှု ပြီးစီး

ဓာတ်ပုံ- Bangkok Post
ပုံစာ- ဘန်ကောက်မြို့ ကျော်ဖရားမြစ်ကမ်းနံဘေးရှိ ထိုင်းလွှတ်တော်အဆောက်အအုံသစ်ကို ၂၀၂၅ ခုနှစ်၊ မေလအတွင်းက တွေ့ရစဉ်။

Bangkok Post

ထိုင်းရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဘူမ်ဂျိုင်ထိုင်း (Bhumjaithai) ပါတီဦးဆောင်သော လွှတ်တော်အတွင်း ညွန်ပေါင်း ဖွဲ့စည်းမှုကို အောက်လွှတ်တော်အမတ်နေရာ ၃၀၀ ဖြင့် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို Bangkok Post သတင်းဌာနက ဖော်ပြသည်။

ညွန့်ပေါင်းအုပ်စုတွင် အဓိကပါတီဖြစ်သော ဘူမ်ဂျိုင်ထိုင်းမှ အမတ် ၁၉၃ ဦး၊ ဖွေထိုင်း (Pheu Thai) ပါတီမှ ၇၄ ဦးနှင့် အခြားပါတီငယ်များမှ စုစုပေါင်းအမတ် ၃၃ ဦး ပါဝင်မည်ဖြစ်သည်။

အတိုက်အခံအုပ်စုတွင် ပြည်သူ့ပါတီ (People’s Party) မှ အမတ် ၁၁၈ ဦး၊ ကလာသမ် (Klatham) ပါတီမှ ၅၈ ဦး၊ Democrat Party ပါတီမှ ၂၂ ဦးနှင့် United Thai Nation ပါတီမှ ၂ ဦးတို့ ပါဝင်မည်ဖြစ်ရာ အတိုက်အခံအမတ်နေရာ စုစုပေါင်း ၂၀၀ ရှိမည်ဖြစ်သည်။

အမည်မဖော်လိုသူ သတင်းရင်းမြစ်၏ ပြောကြားချက်အရ အမတ်နေရာ ၅၀၀ ရှိသည့် အောက်လွှတ်တော်တွင် အမတ် ၃၀၀ ရရှိထားခြင်းသည် အစိုးရအတွက် လုံလောက်သည့် တည်ငြိမ်မှုကို ဖြစ်စေနိုင်မည်ဟု ဘူမ်ဂျိုင်ထိုင်းပါတီမှ ဝါရင့်ပုဂ္ဂိုလ်များက ယုံကြည်နေကြသည်။

ထို့ပြင် ပါတီ၏ အဓိကပုဂ္ဂိုလ်များသည် ဘူမ်ဂျိုင်ထိုင်းခေါင်းဆောင် အနုတင် ချန်ဝီရန်ကူးလ် ဦးဆောင်မည့် အစိုးရသစ်အတွက် ကောင်းမွန်သောပုံရိပ်ကို ဖော်ဆောင်လိုကြသည်ဟု ဆိုသည်။

ကလာသမ် (Klatham) ပါတီ နှင့် ယင်း၏ အဓိကအကြံပေးဖြစ်သူ ထာမာနက် ပရွန်ဖောင် တို့သည် “ငွေမည်း” လုပ်ငန်းများနှင့် ဆက်နွှယ်နေသည်ဟူသော စွပ်စွဲချက်များကို ရှင်းလင်းရန် ရုန်းကန်နေရဆဲဖြစ်သော်ကြောင့် ညွန့်ပေါင်းဖွဲ့စည်းမှုတွင် ချန်လှပ်ခံထားရသည်။

သတင်းများအရ ဖွေထိုင်းပါတီသည် ဝန်ကြီးဌာန ၅ ခုကို ဆက်လက်တာဝန်ယူမည်ဖြစ်ပြီး ၎င်းတို့မှာ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနတို့ ဖြစ်သည်။

ဖွေထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းဖြစ်သူ ယော့ချာနန် ဝေါင်စာဝပ် သည် ဝန်ကြီးအဖွဲ့တွင် ပါဝင်မည်ဟုတ်မဟုတ်ကို ရှင်းလင်းစွာ မသိရသေးဘဲ ယင်းမှာ ပါတီ၏ ဆုံးဖြတ်ချက်အပေါ်သာ မူတည်လိမ့်မည်ဟု သတင်းရင်းမြစ်က ဆိုသည်။