ကင်းထွက်လာသည့် စစ်သားများကို တပ်ရင်းအနီးမှာပင် ရေးဘီလူး တိုက်ခိုက်၊ ၄ဦးသေဆုံးဟုဆို

ဓာတ်ပုံ - ရေးဘီလူး
ပုံစာ - အောင်ပွဲရ ရေးဘီလူးရဲဘော်များနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

မွန်ပြည်နယ် ၊ ရေးမြို့နယ်အတွင်းရှိ ခမရ၅၉၁ တပ်ရင်းအနီး၌ ကင်းပတ်ထွက်လာသည့် စစ်သားများကို ရေးဘီလူး တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး သေနတ်တစ်လက် ရရှိခဲ့ကြောင်း သိရသည်။

ယနေ့(ဖေဖော်ဝါရီ ၂၂ ရက်) နံနက် ၈ နာရီခန့်တွင် ရေးမြို့နယ် ၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းမှ ကင်းပတ်ထွက်လာသည့် စစ်သား ၇ ဦးကို ရေးဘီလူးတပ်ရင်းက ယင်းတပ်ရင်းအနီး မီတာ ၁၀၀ ဝန်းကျင်၌ပင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရေးဘီလူးတပ်ရင်းက သတင်းထုတ်ပြန်သည်။

“အလောင်းကတော့ ၅၉၁ ကပဲ ပြန်လာကောက်သွားတယ်။ ကျန်တဲ့ ၃ ယောက်လည်း အဲဒီပဲပြန်ပြေးသွားတယ်။ သူတို့မကျတော့ လက်နက်အကုန် မရတာပါ။ တပ်နဲ့လည်း အရမ်းနီးတယ်”ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုမှ MA3 သေနတ်တစ်လက် ၊ ကျည်ဘောက် ၃ ခုနှင့် ကျည်အတောင့် ၁၀၀ သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ကျောင်းရွာကပါပဲ။ သေဆုံးတာက အမျိုးသား အသက်ကြီးပိုင်းပါ။ လက်နက်ကြီးက အိမ်မှာကျတာပါ”ဟု ၎င်းကဆက်လက်ပြောသည်။

ဖေဖော်ဝါရီ ၁၆ ရက်က ခမရ ၅၉၁ မှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားတစ်ဦးနှင့် ၎င်း၏ဇနီးကို ရေးဘီလူးတပ်ရင်းက ဖမ်းဆီးရမိခဲ့သေးသည်။

စာတည်း-ML