မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင်လေယာဉ်တစ်စင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ၎င်းတို့ကိုယ်တိုင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကော်မရှင်က ယင်းဖြစ်စဉ်သည် War Crime (စစ်ရာဇဝတ်မှု) ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ထုတ်ပြန်လာခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်နေသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီခန့်တွင် မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်တစ်စင်းအား KIA နှင့် PDF များက FPV Suicide Drone ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်ဘက်က စွပ်စွဲထားသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် လေယာဉ်၏ ခေါင်းပိုင်းနှင့် ကိုယ်ထည်ပိုင်းတို့တွင် ဗုံးစထိမှန်ကာ အနည်းငယ် ပျက်စီးခဲ့ရကြောင်း၊ ယင်းလုပ်ရပ်သည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော်လည်း နေ့စဉ်နှင့်အမျှ အရပ်သားပြည်သူများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကော်မရှင်ဘက်က ယခုကဲ့သို့ War Crime ဟူသော စကားလုံးကို သုံးနှုန်းလာခြင်းမှာ ရယ်ဖွယ်ဖြစ်နေကြောင်း တက်ကြွလှုပ်ရှားသူများက တုံ့ပြန်ကြသည်။
ဝါရင့်ရှေ့နေတစ်ဦးက “War Crime ဆိုတာကို သူတို့ အဓိပ္ပာယ်ဖွင့်ချင်ရင် နေ့တိုင်း ပြည်သူ့နေအိမ်တွေကို ဗုံးကြဲနေတာ၊ မိုင်ဂျာယန်မှာ အဘိုးအိုတစ်ဦး သေဆုံးခဲ့တာတွေကို အရင်ကြည့်သင့်တယ်။ ကိုယ်တိုင်က နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေပြီးမှ တစ်ဖက်ကို လက်ညှိုးထိုးတာဟာ ဥပဒေကြောင်းအရ ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ လုပ်ရပ်ပဲ” ဟု သုံးသပ်သည်။
နိုင်ငံရေးလေ့လာသူတစ်ဦးကလည်း “စစ်ကော်မရှင်က အခုလို ထုတ်ပြန်တာဟာ ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်သမားအဖြစ် ပုံဖော်ချင်လို့ပါ။ ဒါပေမဲ့ မြေပြင်မှာ ဘယ်သူက အကြမ်းဖက်နေလဲဆိုတာ ကမ္ဘာက သိပြီးသားပါ” ဟု ဆိုသည်။
အမှန်တကယ်တွင် စစ်ကော်မရှင်သည် ကချင်ပြည်နယ်အတွင်း၌သာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုပေါင်းများစွာ ကျူးလွန်ထားသည့် မှတ်တမ်းများ ရှိနေသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံတော်လုံခြုံရေးအတွက် ထိရောက်သည့် တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ပါရှိသော်လည်း ယင်းမှာ အရပ်သားဒေသများကို ပိုမို ဗုံးကြဲရန် အကြောင်းပြချက် ရှာခြင်းသာဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သတိပေးသည်။
တော်လှန်ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “အရပ်ဘက် လေကြောင်းလိုင်းလို့ ပြောပေမဲ့ ဒီလေယာဉ်တွေကို သုံးပြီး စစ်တပ်က လက်နက်နဲ့ လူအင်အား သယ်နေတာ အထောက်အထားတွေ အများကြီးရှိတယ်။ စစ်ရေးအရ အသုံးချနေတဲ့ အရာမှန်သမျှဟာ စစ်ရေးပစ်မှတ် ဖြစ်သွားနိုင်တယ်ဆိုတာ သူတို့ သိဖို့လိုတယ်” ဟု ထောက်ပြသည်။
မြစ်ကြီးနားလေဆိပ် ဖြစ်စဉ်နှင့် ပတ်သက်၍ KIA နှင့် PDF ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း စစ်ကော်မရှင်၏ လေကြောင်းအသုံးပြုမှုများကို ဟန့်တားရန် ကြိုးပမ်းမှုများ ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။
စစ်ရာဇဝတ်မှုဟူသည် မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ရှုတ်ချရမည့်အရာဖြစ်သော်လည်း လူပေါင်းထောင်ချီ သတ်ဖြတ်ထားသည့် စစ်ကော်မရှင်က ဥပဒေကြောင်းအရ အော်ဟစ်နေခြင်းမှာ ဝါဒဖြန့်ရုံသက်သက်သာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
မိုင်ဂျာယန်ကဲ့သို့သော ဒေသများတွင် သက်ကြီးရွယ်အိုများကို သတ်ဖြတ်နေသည့် စစ်ကော်မရှင်အနေဖြင့် War Crime အကြောင်း ပြောဆိုရန် ကိုယ်ကျင့်တရားဆိုင်ရာ အခွင့်အရေး မရှိသလောက် နည်းပါးနေပြီဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်နေကြသည်။
