တောင်ငူအဆရမှ စစ်မှုထမ်းတပ်သားတစ်ဦး နတ်တလင်းတွင် အလင်းဝင်

ဓာတ်ပုံ - ပေးပို့
ပုံစာ - အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား အောင်မျိုးမင်း။

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အမှတ် ၁၃ အဆင့်မြင့်ဆက်သွယ်ရေးတပ် (အဆရ ၁၃) မှ စစ်မှုထမ်းတပ်သားတစ်ဦး နတ်တလင်းမြို့တွင် အလင်းဝင်လာကြောင်း သိရသည်။

ယနေ့ ( ဖေဖော်ဝါရီ ၂၃ ရက် ) တွင် တောင်ငူ အဆရ ၁၃ မှ စစ်မှုထမ်းတပ်သား အောင်မျိုးမင်း သည် စစ်တပ်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသဖြင့် အလင်းဝင်ရောက်လာကြောင်း ၃၈၀၁ တပ်ခွဲ ၃ ( နတ်စစ်သည်တပ်ဖွဲ့ ) ၏ တပ်ခွဲမှူး ကိုအောင်က MPA ကို ပြောသည်။

” လွန်ခဲ့တဲ့ ၂ရက်၊ ၃ရက်လောက်က သူ့မိသားစုတွေကတစ်ဆင့် ဆက်သွယ်ပြီး အလင်းဝင် ရောက် လာတာပါ။ တောင်ငူကနေ ဒီအထိ သူ့အစီအစဉ်နဲ့ သူရောက်လာတာပါ။ သူ့မိသားစုကလည်း အာမခံတယ်။ သူ တပ်ထဲမှာ ဘယ်လိုမှမနေချင်ဘူးပေါ့နော်။ အလင်းဝင်ချင်တယ်။ မိသားစုကလည်း ကျနော်တို့ စိုးမိုးထားတဲ့ရွာတွေထဲကပဲဆိုတော့ ကျတော်တို့လည်း ယုံကြည်တယ်ပေါ့နော်” ဟု ၎င်းကပြောသည်။

စစ်မှုထမ်းတပ်သားအောင်မျိုးမင်းသည် နတ်တလင်းဇာတိဖြစ်ပြီး ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် တွင် အလုပ်သွားရောက်လုပ်ကိုင်စဉ် ၂၀၂၄ နှစ်ကုန်ပိုင်းက ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

” လက်ရှိမှာတော့ မိသားစုနဲ့အတူ ကျနော်တို့စိုးမိုးထားတဲ့နေရာမှာပဲ ရှိနေပါတယ်။ ထိန်းသိမ်းထား တာမျိုးမရှိပါဘူး။ ခုနောက်ပိုင်း အလင်းဝင်တပ်သားတွေ စစ်တပ်နဲ့ ပြန်ပေါင်းတာတွေရှိပေမဲ့ သူက ဒီမှာ မိသားစုတွေလည်း ရှိတော့ ယုံကြည်စိတ်ချပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ယခုနှစ်အထိ အောင်မျိုးမင်းအပါအဝင် စစ်သား၅ဦး ၃၈၀၁ တပ်ခွဲ ၃ ( နတ်စစ်သည်တပ်ဖွဲ့ )ထံ အလင်းဝင်ထားကြောင်း သိရသည်။