By Mon Lay/ MPA
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာ၌ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဘက်က အကျအဆုံးများပြားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်၌ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးကျေးရွာမှ ထွက်လာသည့် အင်အား ၅၀၀ ဝန်းကျင်ပါရှိသည့် စစ်ကော်မရှင်စစ်ကြောင်းက ကနီမြို့နယ်၊ မုံရွာ – ကလေးဝလမ်းပိုင်းပေါ်ရှိ တရော်ကျင်း၊ နဘူးတောကျေးရွာများမှတဆင့် ချောင်းမကျေးရွာသို့ ရောက်ရှိခဲ့သည်။
အဆိုပါ စစ်ကြောင်းထွက်လာရာ လမ်းကြောင်းတလျှောက်၌လည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း စစ်ကော်မရှင်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများကြောင့် တော်လှန်ရေးတပ်ဖွဲ့များက နောက်ဆုတ်ပေးခဲ့ရကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် ချောင်းမအရှေ့ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကော်မရှင်တပ်က ဘန်ကာများအခိုင်အမာတည်ဆောက်ကာ တပ်စွဲနေထိုင်ကြပြီး အနီးရှိကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှစ၍ ယမန်နေ့(စက်တင်ဘာ ၁၁ ရက်အထိ) ချောင်းမအနောက်ကျေးရွာအနီးတွင် စစ်ကော်မရှင်တပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်တပ်ဘက်မှ အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။
“ချောင်းမရွာမှာ ၇ ရက်နေ့ကနေစပြီး တိုက်ပွဲဖြစ်တာ။ မနေ့က(စက်တင်ဘာ ၁၁ ရက်) အတော်ကြမ်းတယ်။ တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က အသေအဆုံးတွေ များပါတယ်။ အရှင်တွေလည်း မိပါတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းမိပါတယ်။ တိုက်ပွဲအခြေအနေနဲ့ တခြားအသေးစိတ် အတိအကျကတော့ တပ်ဖွဲ့တွေဘက်က ထုတ်ပြန်မယ်လို့ သိရပါတယ်” ဟု မြေပြင်သတင်းရင်းမြစ်က MPA သို့ ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က Union Liberation Front – ULF စစ်ကြောင်းမှူး ကိုနိုင်မင်းအပါအဝင် ရဲဘော်လေးဦးကျဆုံးခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရသော်လည်း MPA အနေဖြင့် အတည်ပြုနိုင်ရန် စုံစမ်းလျက်ရှိသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်က ချောင်းမကျေးရွာကို ပြန်လည်အထိုင်ချနိုင်ရန်အတွက် ကြိုးစားလျက်ရှိပြီး မြေပြင်အင်အား ၁၀၀၀ ဝန်းကျင်ထိ ရှိနိုင်ကြောင်း သိရသည်။
“စစ်ကော်မရှင်တပ်ဘက်က ချောင်းမကိုပြန်ယူဖို့အတွက် တရော်ကျင်းနဲ့ ဘန့်ဘွေးပျူစောထီးကျေးရွာတွေဘက်ကနေ ပြန်တိုးနေတယ်။ အခုကတော့ စစ်ဆိုင်ထားတဲ့ အနေအထားရှိပါတယ်။ ကျနော်တို့ဘက်က ကျည်ခဲယမ်းလိုအပ်ချက်တွေ ရှိတယ်။ စက်တပ်လေထီးတွေ(Paramotor)၊ ဂျက်ဖိုက်တာတွေကတော့ အမြဲလာတယ်။ ဗုံးသီးတွေလည်း ချတယ်” ဟု မြေပြင်အခြေအနေသိရှိသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာ မြစ်ကြောင်းအနီးတလျှောက်ရှိ ချောင်းမ၊ မင်းမ၊ သင့်ဝင်၊ သမင်ခြံ၊ တရော်ကျင်း၊ လင်ပုန်းရည်၊ နဘူးတောကျေးရွာများနှင့် တောတိုက်(လယ်စောင့်တဲ) များကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ၊ ဟောင်ဝှစ်ဇာများဖြင့် ပစ်ခတ်မှုတို့ကြောင့် ဒေသခံအရပ်သားငါးဦးသေဆုံးကာ ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
“စစ်ကြောင်းစဝင်တဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း သမင်ခြံကို ဗုံးကြဲတာ အသက် ၁၈ နှစ်အရွယ် ကောင်လေး ခေါင်းပြတ်ပြီး သေတယ်။ စစ်ကြောင်းအတွက် လမ်းရှင်းတာလို့ သိရတယ်။ စက်တင်ဘာ ၉ ရက်နေ့မှာ လက်နက်ကြီးကြောင့် နဘူးတောက အမျိုးသမီးနှစ်ဦး၊ ၁၀ ရက်နေ့မှာ လင်ပုန်းရည်ရွာက ကလေးနှစ်ဦး လက်နက်ကြီးအစမှန်ပြီး ဆုံးပါတယ်” ဟု အသက် ၃၀ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ အင်အားရာချီပါရှိသည့် စစ်ကြောင်းများ၊ ဝေဟင်ပစ်ကူလက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ နှစ်သောင်းကျော်မှာ ဘေးလွတ်ရာနေရာများသို့ စစ်ရှောင်နေကြရကြောင်း သိရသည်။
“ချောင်းမမှာသာ စစ်ကော်မရှင်တပ်က ထိုင်လိုက်လို့ကတော့ ပြည်သူတွေအတွက်ရော၊ အားလုံးအတွက်က အများကြီးခက်ခဲသွားပြီ။ စစ်ရှောင်နေရတာကတော့ နှစ်ပတ်လောက်ရှိနေပြီ” ဟု ချောင်းမကျေးရွာမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ကနီမြို့နယ်အတွင်းရှိ ချောင်းမကျေးရွာသည် မုံရွာ – ကလေးဝ လမ်းပိုင်းပေါ်တွင်တည်ရှိနေပြီး အိန္ဒိယနိုင်ငံအထိသို့ ဆက်သွယ်သွားလာနိုင်သည့် လမ်းပိုင်းပေါ်ရှိ ကျေးရွာကြီးတစ်ရွာဖြစ်သည်။
ချောင်းမရွြ တိုက်ပွဲနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ စစ်သား သုံးဦးသေဆုံးပြီး ၄ဦး ဖမ်းဆီးရမိခဲ့သည်ဟု ယနေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း-ကိုဆန်း
