လှိုင်သာယာတွင် ကင်းလှည့်ယာဉ်တန်းကို နည်းပညာမြင့် အဝေးထိန်းမိုင်းဖြင့် မြို့ပြပြောက်ကျား တိုက်ခိုက်

ရန်ကုန်မြို့၊ လှိုင်သာယာ၊ သောင်ကြီးရဲစခန်းမှ ထွက်လာသည့် ကင်းလှည့်ယာဉ်တန်းကို နည်းပညာမြင့် အဝေးထိန်းမိုင်းဖြင့် မြို့ပြပြောက်ကျားတို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်၊ ည ၁၁ နာရီ ၂၃ မိနစ်ဝန်းကျင်တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်းမှ ထွက်လာသော စစ်သား ၊ ရဲနှင့်ပျူစောထီးများပါသည့် ယာဉ်တန်းကို လှိုင်သာယာမြို့နယ် (အနောက် ပိုင်း) ၊ ၂၀ ရပ်ကွက် ၊ ဆရာစံလမ်းမပေါ် ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီး၌ ပေါက်ကွဲအားပြင်းသည့် အဝေးထိန်းမိုင်း တစ်လုံးဖြင့် အချိန်ကိုက်ဖောက်ခွဲ တိုက်ခိုက် နိုင်ခဲ့ကြောင်း Operation Flame အဖွဲ့ထံက သိရသည်။

“ပုံမှန် ကျနော်တို့ စကောက်(scout)ကြည့်ချိန်တော့ ပတ်ကင်းကားမှာအနည်းဆုံး စခ ၅ကောင်၊ ပျူက ၃ကောင်။ ဒါပေမဲ့၊ မနေ့ညက သူတို့ပုံမှန်ကင်းပတ်နောက်ကျပြီး ကျနော်တို့ ပစ်ကွင်းထဲ လာ တာ နောက်ကျတယ်။ နောက်ပြီး မနေ့ညက စက်မှုဇုန် ၅ ၊ ဗညားဒလလမ်းဘက် ဖွဲစက်ရုံ မီးလောင် တော့ သူတို့ အတန်းလိုက် ကား၃စီးကျော်နဲ့ ပစ်ကွင်းကို ရောက်လာချိန် ခွဲနိုင်လိုက်ပါတယ်။ ဒီတော့ မနေ့ညက သူတို့လာတဲ့အချိန် အင်အားများပါတယ်။ ခန့်မှန်းတော့ မသိဘူးဗျ။ ကျနော်တို့ သူတို့ကင်း ပတ်လမ်းကြောင်းကို သေချာကြည့်ထားတာရယ် ပစ်ကွင်း ပစ္စည်း(မိုင်း)ချထားတဲ့ အနေထားနဲ့ဆိုရင် ရန်သူထိခိုက်နိုင်ခြေကတော့ ရှိနိုင်တယ်။ ဒါပေမဲ့၊ ရန်သူထိခိုက်မှု ရှိ ၊ မရှိ ၊ အခြေအနေ အသေးစိတ်ကို စုံစမ်းအတည်ပြုဆဲပါ”ဟု Operation Flame မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

သောင်ကြီးရဲစခန်းနှင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ၈၆ ဂိတ်ဟောင်းမှတ်တိုင်သည် မီတာ ၁,၀၀၀ ခန့်ဝေးပြီး ကျောင်းလမ်းမှတ်တိုင်နှင့် ရွှေရင်အေးဈေးမှတ်တိုင် ၂ ခုခြားကြောင်း သိရသည်။

“မနေ့ညကတော့ သူတို့ အဲဒီဖြစ်စဉ်နေရာမှာ သောင်းကျန်းနေတယ်လို့တော့ သိထားတယ်။ အချိန်က ညမိုးချုပ် နောက်ကျတော့ ကျနော်တို့ အမြန်ဆုတ်ခွာခဲ့ရတယ်။ ဆိုတော့ မနေ့ညက မြေပြင် နောက် ဆက်တွဲ ထပ်မသိရပါဘူး”ဟု ၎င်းကဆိုသည်။

သောင်ကြီးရဲစခန်းမှ စစ်သား ၊ ရဲနှင့် ပျူများသည် လှိုင်သာယာ စက်မှုဇုန်ထဲသို့ ညစဉ် ကင်းလှည့် လေ့ရှိပြီး ပြည်သူများကို ဖမ်းဆီး‌စစ်ဆေးကာ ပေါ်တာဆွဲ ငွေညှစ်လေ့ရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Operation Flame ၊ Underground Guerrilla ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ SRDF နှင့် ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းတို့ ‌ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။