စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်စစ်ဌာန နယ်မြေအတွင်းရှိ ဂိတ်များအားလုံးပိတ်သိမ်းရန် ခရိုင်ကွပ်ကဲရေးအဖွဲ့က ညွှန်ကြားလိုက်သည်။
ခရိုင်အတွင်းရှိ PDF တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖများနှင့် Local PDF များဖွင့်လှစ်ထားသည့် အလှူခံဂိတ်၊ အခွန်ဂိတ်၊ စစ်ဆေးရေးဂိတ်၊ လမ်းပြုပြင်ရေးရန်ပုံငွေဂိတ်၊ မဲရောင်းဂိတ်နှင့် အခြားခေါင်းစဉ် အမျိုးမျိုးတပ်ထားသော ကုန်းကြောင်း၊ ရေကြောင်း ဂိတ်များအားလုံးကို ဖေဖော်ဝါရီ ၂၈ရက် နောက်ဆုံးထား ပိတ်သိမ်းရမည်ဖြစ်ပြီး လိုက်နာခြင်း မရှိ ပါက ထိရောက်စွာအရေးယူသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။
“ပထမ ရွှေဘိုခရိုင်ထဲက ဂိတ်တွေ ပိတ်ခိုင်းတယ်။အခု စစ်ကိုင်းခရိုင်ထဲ ထပ်ညွှန်ကြားတာဆိုတော့ စစ်ကိုင်းတိုင်းထဲက ဂိတ်တွေပိတ်ဖို့ တစ်ဆင့်ချင်းလုပ်နေတယ်လို့ နားလည်ပါတယ်။ပြည်သူတွေ ကြို ဆိုကြမယ့်ကိစ္စရပ်ကြီးပါပဲ။လုံခြုံရေးအရ လိုအပ်တဲ့ဂိတ်တွေကလွဲရင် ကျန်တဲ့ဂိတ်တွေ အကုန်ပိတ် တာ ရေရှည်တည်တံ့ဖို့ အရေးကြီးပါတယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ ပြောသည်။
ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသော၊ စိတ်ငြိုငြင်မှုဖြစ်စေသော ရိက္ခာ(သို့မဟုတ်) လက်နက်၊ ခဲယမ်း၊ ကျည် ဝယ်ယူရန် အကြောင်းပြ၍ ရန်ပုံငွေရှာဖွေခြင်းများကို PDF ၊ပကဖများနှင့် Local PDF များ ရှောင်ကြဉ်ရန် စစ်ကိုင်းခရိုင်ကွပ်ကဲရေးအဖွဲ့က ညွှန်ကြားလိုက်သည်။
PDFတပ်ရင်းများ ၊ပကဖများနှင့် Local PDFများအနေနှင့်မိမိတို့တပ်ရင်း၊ တပ်ဖွဲ့အတွက် ရိက္ခာ (သို့မဟုတ်) လက်နက်ခဲယမ်း၊ ကျည်လိုအပ်ချက်ရှိပါက အထက်အဆင့်ဆင့်သို့ တင်ပြတောင်းခံရန် လည်း ညွှန်ကြားထားသည်။
ရွှေဘိုခရိုင်စစ်ဌာနကလည်း ခရိုင်အတွင်းရှိ ဂိတ်များအားလုံးကို ဖေဖော်ဝါရီ ၁၇ရက်နောက်ဆုံးထား ပိတ်သိမ်းရန် ညွှန်ကြားခဲ့ပြီးဖြစ်သည်။
