တစ်နှစ်ကျော်အတွင်း နိုင်ငံရေးအကျဉ်းသူများကို ကျပ်သိန်း၁၀၀၀ကျော် ထောက်ပံ့နိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ထံက သိရသည်။
နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၃၈ ထောင်မှ ဖမ်းဆီးခံထားရဆဲ နိုင်ငံရေးအကျဉ်းသူများ၏ စားဝတ် နေရေး ၊ အရေးပေါ်ကျန်းမာရေးနှင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ၂၀၂၄ခုနှစ်၊စက် တင် ဘာမှစတင်ကာ ထောက်ပံ့ခဲ့ရာ တစ်နှစ်ကျော်ကာလအတွင်း ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ စားသောက်ကုန် ၊ အသုံးအဆောင်ပစ္စည်းနှင့် ငွေကြေးများ ပံ့ပိုးနိုင်ခဲ့ကြောင်း သိရသည်။
” တစ်လကို ဘယ်နှစ်ထောင်ဆိုတာထက် ကျမတို့အနေနဲ့က တစ်လကို ဘယ်နှစ်ဦးသာထောက်ပံ့ နိုင်တယ်ဆိုတဲ့ အခြေအနေမျိုးဆိုတော့ လျှောက်ထားလာသူတွေကို အစဉ်လိုက်ကူညီပံ့ပိုးပေးတာမျိုး ပါ ရှင်”ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) မှ ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က MPA သို့ပြောသည်။
အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေး အကျဉ်းသူ ၁၀၀၀ ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည့် နိုင်ငံရေးအကျဉ်သူများကိုလည်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။
“တစ်လတာ အတွင်းတော့ လူမထပ်ပါဘူး။ မိသားစုထောက်ပံ့မှုမရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အ တွက်ကတော့ လစဉ်ထောက်ပံ့ပေးသင့်တာပေါ့နော်။ ဒါပေမဲ့၊ လျှောက်ထားသူ အစဉ်လိုက် ပို့ဆောင် ပေးရတာဆိုတော့ တစ်ခါတလေ ၃ လလောက်နေမှ ၆လလောက်နေမှ နောက်တစ်ခါထောက်ပံ့ ပေး နိုင်တာ များပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထောင်တွင်းသို့ ပါဆယ်များပို့ရာတွင်လည်း ပို့ဆောင်သော ပစ္စည်းများ အားလုံး မရောက်ခြင်း ၊ အရည်အသွေးကောင်းမွန်မှုမရှိသော ပစ္စည်းများနှင့် လဲလှယ်ခံရခြင်းနှင့် ထောင်ဝင်စာပါဆယ် ပေးပို့ရန် ထောင်အာဏာပိုင်များကို ငွေပေးရခြင်းများလည်း ရှိကြောင်း သိရသည်။
” ထောင်အာဏာပိုင်တွေကိုက လက်ဖက်ရည်ဖိုးဆိုတာမျိုးလိုပေးရတာပါ။ အဆင်ပြေပြေ ထောင်ဝင်စာပါဆယ်ပို့ခွင့်ရအောင် ပါဆယ်လက်ခံဌာနကို အဓိက ပေးရတာမျိုးပါရှင်”ဟု ၎င်းကပြောသည်။
အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူဟောင်း ၇၅ဦးနှင့် ဖျက်အားပြင်းစစ်ကိုင်းငလျင်ကြောင့် အိုးဘိုထောင်တွင်း ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ ၇ ဦး၏ မိသားစုများကို ထောက်ပံ့ခဲ့သလို ပြန်လည်လွတ်မြောက်လာပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိနေသည့် နိုင်ငံရေးအကျဉ်းသူဟောင်း ၁၀ ဦးနှင့် ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသူဟောင်း ၁၀ ဦးတို့ကိုလည်း အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သေးကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)ကို မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကြောရေးနှင့်အကျဉ်း ထောင်များအတွင်း နိုင်ငံရေး အကျဉ်းသူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ဖော်ထုတ် တင်ပြနိုင်ရန် ၊ နိုင်ငံရေးအကျဉ်းသူများကို ထောက်ပံ့ကူညီပေးနိုင်ရန်နှင့် နိုင်ငံရေး အကျဉ်းသူဟောင်း များကို ကူညီနိုင်ရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
