ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံဝင်းအတွင်း တစ်နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၂၆ရက်)နေ့ခင်း ၁၁ နာရီ ၄၆ မိနစ်ခန့်တွင် ဝါးတရာစက်မှုဇုန်၊ အထည်ချုပ်စက်ရုံဝင်း တစ်ခုအတွင်း မီးလောင်ကျွမ်းခဲ့သဖြင့် Level 1 ယာဉ်အုပ်စုထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂နာရီ၄၈မိနစ်ခန့် ၌ မီးငြိမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
“အထည်ချုပ်စက်ရုံဝင်းထဲ လောင်တာ။ဝင်းထဲမှာ ပုံထားတဲ့ ရေမြှုပ်ဖော့တွေကနေ လောင်တာ။ဘာ့ ကြောင့်လောင်သလဲဆိုတာ မီးသတ်က စစ်ဆေးနေတုန်းပဲဆိုပေမဲ့ ရာသီဥတုပူပြီး လောင်တာမျိုး တော့ မဟုတ်ဘူးထင်တယ်။ အထည်ချုပ်စက်တွေရှိတဲ့ စက်ရုံပင်မအလုပ်လုပ်တဲ့ရုံထဲကို မီးမကူး လို့တော်သေးတယ်။အဲကို မီးကူးရင် အထဲမှာက မီးအားကောင်းမယ့် လောင်စာတွေချည်းပဲ”ဟု ဒေသခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။
ယင်းအထည်ချုပ်စက်ရုံသည် ဝါးတရာစက်မှုဇုန်အတွင်းရှိ ငမိုးရိပ်လမ်းတွင် တည်ရှိပြီး လူနေရပ်ကွက်နှင့် ဝေးကြောင်း သိရသည်။
“အရင်တုန်းကတော့ ဝါးတရာရွာ၊အခုကတော့ ရွှေပြည်သာ ၂၃ရပ်ကွက်ပေါ့။စက်မှုဇုန်က ၂၃ရပ်ကွက် နဲ့ ၈ရပ်ကွက်ကြားက လယ်ကွင်းတွေမှာ တည်ထားတာ။အထည်ချုပ်စက်ရုံတွေ နည်းနည်းများ တယ်။ရပ်ကွက်တွေနဲ့တော့ လှမ်းတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းမီးလောင်မှုကို အနာဂတ်အလင်းတန်းပရဟိတအသင်းကလည်းမီးသတ်အထောက် အကူပြု ယာဉ်တစ်စီးနှင့်စေတနာ့ဝန်ထမ်း၆ဦး စေလွှတ်ကာ မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့က စိစစ်နေဆဲဖြစ်သည်။
