ကျောင်းသားများကို ဗုံးကြဲ သတ်ခဲ့သည့် စစ်ကော်မရှင်ကို ပြင်းထန်စွာ တုံ့ပြန်မည်ဟု AA ဆို

ဓာတ်ပုံ-AA ပုံစာ- စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများ

By MPA

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသာ ၁၉ ဦးသေဆုံးခဲ့ရခြင်းအတွက် စစ်ကော်မရှင်ကို ပြင်းထန်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၁၂ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်သည် အာရက္ခ‌ဒေသ၌သာမက မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ရှုံး၊ နယ်မြေများရှုံးလျက်ရှိရာ စစ်ဘက်ဆိုင်ရာ အရှုံးများကို သူရဲဘောကြောင်ပြီး ဂုဏ်သိက္ခာမဲ့စွာ စစ်ဘက်ပစ်မှတ်များထက် အရပ်ဘက်ပစ်မှတ်များကို လူမျိုးရေးအမုန်းတရားကို အခြေခံပြီး လေကြောင်း ဗုံးကြဲမှုများ ပိုမိုပြုလုပ်လာသည်ဟု AA က ဆိုသည်။

ယမန်နေ့ နံနက် ၁နာရီ၊ ၅မိနစ်ခန့်က စစ်ကော်မရှင်သည် သရက်တပ်ငကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းစာသင်ကျောင်း နှစ်ကျောင်းဖြစ်သည့် ပညာပန်းခင်းနှင့် အမြင်သစ်စာသင်ကျောင်းတို့ကို ဂျက်ဖိုက်တာ တစ်စင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသူ၊ ကျောင်းသား ၁၉ ဦး ရှေ့ဆင့်နောက်ဆင့်သေဆုံးခဲ့ပြီး အခြား ကျောင်းသူ၊ ကျောင်းသားများအပါအဝင် အပြစ်မဲ့ပြည်သူ ၂၂ ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ စာသင်ကျောင်းဆောင်အပါအဝင် နေအိမ်အဆောက်အအုံ ၇ လုံး ပျက်စီးခဲ့သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောင်းသူ၊ ကျောင်းသားများအပါအဝင် မိဘပြည်သူများ၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်သည်ဟု AA က ဆိုထားပြီး စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်းနေသော လုပ်ရပ်များကိုလည်း ပြင်းထန်စွာရှုတ်ချသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခုနှစ်အတွင်း စစ်ကော်မရှင်က ရခိုင်ပြည်နယ်အတွင်း လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၈၉ ဦးထိ သေဆုံးခဲ့ရသည့်အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၉၁ ဦးထိရှိကြောင်း AA က ထုတ်ပြန်ထးသည်။

ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ရှုံး စစ်ကော်မရှင်၏ နေ့စဉ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေမှုများကို လက်ပိုက်ကြည့်မနေဘဲ ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် အထူးလိုအပ်နေသည်ဟု AA က ထောက်ပြထားသည်။

ယင်းအပြင် စစ်ကော်မရှင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုဆိုင်ရာ အချက်အလက်များကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ ပေးပို့သွားမည့်အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် တရားမျှတမှုကို ချစ်ခင်မြတ်နိုးသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တရားမျှတမှုရရှိသည်အထိ ဆောင်ရွက်မည်ဖြစ်သကဲ့သို့ ပြစ်မှုကျူးလွန်သူ၊ ကျူးလွန်ရန်စေခိုင်းသူနှင့် ပါဝ် ပတ်သက်သူများကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဟုဆိုထားသည်။

လက်ရှိတွင်လည်း စစ်ကော်မရှင်သည် စစ်ဘက်နှင့်မသက်ဆိုင်သော မြို့ရွာများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်းကျောင်းနှင့် လူနေထူထပ်သောနေရာများကို လေကြောင်းတိုက်ခိုက်မှုများ ယခင်ထက် ပိုမိုပြုလုပ်လာသောကြောင့် မိဘပြည်သူများ လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားရန် AA က တိုက်တွန်းထားသည်။