By Min AB / MPA
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဥယျာဉ်ခြံအတွင်း ညမအိပ်ကြရန် စစ်ကော်မရှင်က သတိပေးနေသည့်အတွက် ဒေသခံ များ လုပ်ငန်းခွင်သွားလာရေးနှင့် အလုပ်လုပ်ရန် အခက်အခဲများ ရှိလာကြောင်း သိရသည်။
ဥယျာဉ်ခြံလုပ်ကိုင်သူများသည် ခြံအတွင်း ညမအိပ်ကြရန် ၊ ခြံအတွင်း အိုးခွက်ပန်းကန်များ မထားကြရန်အပါအဝင် ခြံသွားပါက တစ်ရက်စာ ရိက္ခာကိုသာ ယူဆောင်သွားကြရန်ကို စစ်ကော်မရှင်လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လိုက်လံသတိပေးနေခြင်း ဖြစ်သည်။
သတ်မှတ်စည်းကမ်းများ လိုက်နာခြင်း မရှိဘဲ ဖမ်းဆီးခံရပါက တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောဆိုခဲ့သည်ဟု ရေးမြို့နယ် မော့ကနင်ကျေးရွာခံတစ်ဦးက MPA ကို ပြောသည်။
“ခြံထဲသွားရင် နေ့ချင်းပြန်ပဲ သွားကြဖို့ပေါ့၊ တစ်ရက် စားဖို့အတွက်ပဲ ထည့်သွားကြပေါ့၊ အိုးခွက်ပန်းကန်တွေ မချန်ထားနဲ့ မထားနဲ့ပေါ့၊ လူကြီးတွေက ညွှန်ကြားထားတယ်၊ တကယ်လို့ သူတို့စစ်ဆေးတာတွေ့ရင်တော့ ဖြေရှင်းပေးဖို့ မလွယ်ဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါသတိပေးချက်ကို ရေးမြို့နယ်မြောက်ပိုင်းကျေးရွာများနှင့် စစ်အုပ်စုလှုပ်ရှားမှုရှိသည့်ကျေးရွာများအတွက် အဓိကထားပြီး ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
မကြာမီလပိုင်းအတွင်း ရော်ဘာအစေးခြစ်ကာလ ရောက်ရှိလာမည်ဖြစ်သည့်အတွက် ရေးဒေသခံများ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေကြပြီးဖြစ်သည်။
ယခုသတိပေးချက်များကြောင့် ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေကြသည့် ဒေသခံပြည်သူများအကြား စိုးရိမ်ချက် များ ဖြစ်ပေါ်နေကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
“အခုအချိန်က ကွမ်းသီးနဲ့ အသီးအနှံပင်တချို့တော့ ရှိတာပေါ့၊ သွားလာရတာတော့ ရှိတယ်၊ ဒီရော်ဘာခြစ်တဲ့ ကာလရောက်တော့မယ်၊ အခု ခြံရှင်းတာတွေ လုပ်နေပြီးပေါ့၊ နောက်ပိုင်း ဘယ်လိုလွယ်တော့မလဲ၊ ဟိုမှာ ညအိပ်မှ ရမှာလေ၊ မနက်အစောကြီး ထခြစ်ရမှာ ဆိုတော့” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်လယ်ပိုင်းတွင် ရေးမြို့နယ် ကျေးရွာတချို့တွင် စစ်တပ်က ထုတ်ပေးထားသည့် ဥယျာဉ်ခြံမြေ သွားလာခွင့်ကတ်ပြားများ ပြုလုပ်ထားရပြီး ကတ်ပြားမရှိဘဲ သွားလာသူများကို အရေးယူခံမည်ဟု သတိပေးထားသည်။
ထိုကတ်ပြားကို ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများအချို့တွင်လည်း ဆက်လက်ပြုလုပ်ခိုင်းလာကြောင်း ဒေသခံများက ပြောသည်။
ယင်းကတ်ပြားမရှိဘဲ သွားလာသည့်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအဖြစ် သတ်မှတ်မည်ဟု စစ်အုပ်စု က ခြိမ်းခြောက်ထားသည်။
“ရွာဘက်မှာတော့ အစစ်အဆေးတော့ ရှိတယ်၊ တချို့ကျတော့ ကြောက်ပြီး ခြံထဲမသွားတော့ဘူး၊ လူငယ်တွေဆို ခြံအလုပ် မလုပ်တော့ဘူး၊ နိုင်ငံခြားသွားကုန်ကြတော့ ခြံတွေဆို ဒီအတိုင်း ပစ်ထားကြတာ ရှိတယ်” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
လက်ရှိ ရေးမြို့နယ်တွင် စစ်အုပ်စုက ဒေသခံပြည်သူများကို လုပ်ငန်းခွင်သွားလာရာတွင် မကြာခဏဖမ်းဆီးမှု များရှိနေပြီး လူငယ်ဖြစ်ပါက စစ်မှုထမ်းသင်တန်းပို့ဆောင်ပြီး သက်ကြီးပိုင်းတချို့ပြန်လွှတ်ပေးကာ အချို့ ငွေကြေးတောင်းခံမှုများ ပြုလုပ်လျှက်ရှိကြောင်း ရေးဒေသခံများက ပြောသည်။
“ဒီနယ်ဘက်ကို အခုတလော ထိုးလာနေတယ်၊ သူတို့က PDF တွေ ခြုံတိုက်မှာကြောင့်လို့ PDF တွေ ခြံထဲမှာ ရှိနေမှာကြောက်လို့လား တပ်စွဲနေမှာကြောက်လို့လားတော့ မသိဘူးပေါ့” ဟု ရေးမြို့နယ်မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
ရေးမြို့နယ်တွင် ရော်ဘာ၊ ကွမ်းသီး အစရှိသည့် ဥယျာဉ်ခြံမြေလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြပြီး လုပ်ငန်းခွင် အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းမှ ရွေ့ပြောင်းလုပ်သားများကို မှီခိုနေရကြောင်း သိရသည်။
စာတည်း-ကိုဆန်း
