အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်လာနေစဉ်အတွင်း “လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများရှိသဖြင့်” အစ္စရေးနိုင်ငံရှိ သံရုံးဝန်ထမ်းအချို့ကို အမေရိကန်အစိုးရက ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် နိုင်ငံအတွင်းမှ ထွက်ခွာခွင့်ပြုလိုက်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ ဂျေရုဆလင်ရှိ အမေရိကန်သံရုံးမှ အရေးပေါ်မဟုတ်သော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များသည် အစ္စရေးနိုင်ငံမှ ထွက်ခွာနိုင်မည်ဖြစ်ကြောင်း သံရုံးက ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်နိုင်ငံသားများအနေဖြင့်လည်း လေကြောင်းလိုင်းများ ပြေးဆွဲနေဆဲအချိန်အတွင်း အစ္စရေးနိုင်ငံမှ ထွက်ခွာရန် စဉ်းစားသင့်ကြောင်း တိုက်တွန်းထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် လုပ်ဆောင်နေသည့် ဆွေးနွေးပွဲများ မအောင်မြင်ပါက အီရန်ကို တိုက်ခိုက်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ထားပြီး အဆိုပါဒေသသို့ စစ်သင်္ဘောများနှင့် လေယာဉ်အုပ်စုကြီးများကိုလည်း စေလွှတ်ထားသည်။
ဆွေးနွေးပွဲများတွင် အီရန်၏ ရပ်တည်ချက်အပေါ် စိတ်ပျက်မိသော်လည်း တိုက်ခိုက်မှု ပြုလုပ်မပြုလုပ်ကိုမူ မဆုံးဖြတ်ရသေးကြောင်း သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၂၇ရက်နေ့တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ လိုချင်တဲ့အချက်တွေကို သူတို့ဘက်က လိုက်လျောဖို့ ဆန္ဒမရှိတာကို ကျွန်တော် မကျေနပ်ဘူး။ စိတ်လည်း မသက်သာဘူး” ဟု သမ္မတက သတင်းထောက်များကို ပြောကြားခဲ့သည်။
အီရန်ဘက်ကမူ ၎င်းတို့ တိုက်ခိုက်ခံရပါက ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားမည်ဟု ခြိမ်းခြောက်ထားသည်။ ထို့ပြင် အီရန်သည် အမေရိကန်၏ မဟာမိတ်ဖြစ်သော အစ္စရေးကိုလည်း ဒုံးကျည်များဖြင့် တိုက်ခိုက်နိုင်ခြေ ရှိသည်။
ယခုအခါ နိုင်ငံအများအပြားသည် အရှေ့အလယ်ပိုင်း နေရာအချို့မှ မရှိမဖြစ်မဟုတ်သော ဝန်ထမ်းများကို ပြန်လည်ခေါ်ယူနေကြပြီး ၎င်းတို့၏ နိုင်ငံသားများကိုလည်း အီရန်သို့ မသွား ရန် အကြံပြုထားကြသည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးသို့ သွားရောက်ခြင်းမပြုရန် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် “အရေးပေါ်” သတိပေးချက် ထုတ်ပြန်ခဲ့သည်။
“အစ္စရေးနဲ့ ဂျေရုဆလင်အရှေ့ပိုင်းကို ခရီးသွားဖို့ ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်” ဟု ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လုံခြုံရေးအခြေအနေကြောင့် အစ္စရေးသို့ မသွားရန် ၎င်း၏ နိုင်ငံသားများကို တိုက်တွန်းထားသည်။
အစ္စရေးရှိ တရုတ်သံရုံးကမူ ၎င်းတို့နိုင်ငံသားများကို အထူးသတိရှိရန်၊ “အနီးနားရှိ ဗုံးခိုကျင်းများကို ကြိုတင်လေ့လာထားရန်” နှင့် အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရန် အကြံပြုထားကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။
ထို့ပြင် အီရန်ရှိ တရုတ်နိုင်ငံသားများကိုလည်း “အမြန်ဆုံး” ထွက်ခွာကြရန် တရုတ်အစိုးရက ပြောကြားထားသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အီရန်ရှိ ၎င်းတို့၏ သံရုံးဝန်ထမ်းများကို ယာယီပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ပြောကြားသည်။
ဂျီနီဗာတွင် ပြုလုပ်ခဲ့သည့် တတိယအကျော့ နျူကလီးယားဆွေးနွေးပွဲမှာမူ မည်သည့်တိုးတက်မှုမှ မရှိဘဲ ပြီးဆုံးခဲ့သည်။
ဖေဖော်ဝါရီ ၁၉ ရက်တွင် သမ္မတ ထရမ့်က အီရန်အနေဖြင့် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ၁၀ ရက်မှ ၁၅ ရက်အတွင်း သဘောတူညီမှု ရယူရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက “တကယ့်ကို ဆိုးရွားတဲ့အရာတွေ” ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်နေသည့် အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆာယစ် ဘာဒါ အယ်လ်ဘူးဆိုက်ဒီသည် ဝါရှင်တန်၌ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် နှင့် တွေ့ဆုံရန် မျှော်လင့်ရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီက “ဒီ ဆွေးနွေးပွဲ အောင်မြင်ဖို့အတွက် တစ်ဖက်လူက လေးလေးနက်နက်နဲ့ လက်တွေ့ကျဖို့ လိုသလို၊ မှားယွင်းတဲ့ တွက်ချက်မှုတွေနဲ့ အဆမတန် တောင်းဆိုမှုတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။
ဆွေးနွေးပွဲများသည် “အလွန်ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရှိခဲ့ကြောင်း” နှင့် နောက်တစ်ကျော့ကို “တစ်ပတ်မပြည့်ခင်” ပြုလုပ်နိုင်ခြေရှိကြောင်း ၎င်းက နိုင်ငံပိုင်ရုပ်သံသို့ ပြောကြားခဲ့သည်။
အမေရိကန်သည် အီရန်၏ ဒုံးကျည်အစီအစဉ်နှင့် လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့နေမှုများကိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်းလိုသလို အီရန်ကို ယူရေနီယံသန့်စင်မှုအားလုံး ရပ်တန့်စေလိုသည်။ အီရန်ဘက်ကမူ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းစေလိုသော်လည်း ယူရေနီယံသန့်စင်ပိုင်ခွင့်ရှိသည်ဟု ပြောဆိုထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် အီရန်ကိစ္စ ဆွေးနွေးရန်အတွက် ရှေ့အပတ် အစောပိုင်းတွင် အစ္စရေးသို့ သွားရောက်ရန် စီစဉ်ထားသည်။ ထို့ပြင် ကုလသမဂ္ဂ နျူကလီးယားအေဂျင်စီရှိ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း တနင်္လာနေ့တွင် ဗီယင်နာမြို့၌ စတင်ရန် မျှော်လင့်ရသည်။
အီရန်တွင် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံ ၄၄၀.၉ ကီလိုဂရမ် (၉၇၂ ပေါင်) ရှိနေပြီဟု IAEA က ခန့်မှန်းထားသည်။
ယင်းမှာ လက်နက်အဆင့်ဖြစ်သော ၉၀ ရာခိုင်နှုန်းသို့ ရောက်ရန် နည်းပညာပိုင်းအရ အဆင့်တစ်ခုသာ လိုတော့ပြီး အရပ်ဘက်စွမ်းအင် ထုတ်လုပ်ရန် လိုအပ်သည့် ပမာဏထက် များစွာ ကျော်လွန်နေသည်။
အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်ရန် ဆုံးဖြတ်ပါက အဆိုပါ လက်ကျန်ပမာဏဖြင့် နျူကလီးယားဗုံး ၁၀ လုံးအထိ ထုတ်လုပ်နိုင်သည်ဟု IAEA က ဆိုသည်။ အီရန်ဘက်ကမူ ၎င်းတို့၏ အစီအစဉ်သည် အရပ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်အတွက်သာ ဖြစ်သည်ဟု အမြဲတမ်း ငြင်းဆိုထားသည်။
