အစ္စရေးက အီရန်မြို့တော် တီဟီရန်ကို ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်

အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်နိုင်ငံအပေါ် ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

“အစ္စရေးနိုင်ငံအပေါ် ကျရောက်နေတဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့အတွက် အစ္စရေးအစိုးရဟာ အီရန်အပေါ် ကြိုတင်လက်ဦးမှုယူတဲ့ တိုက်ခိုက်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ် က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် တီဟီရန်မြို့၌ ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ယခုတိုက်ခိုက်မှုက အရှေ့အလယ်ပိုင်းဒေသကို စစ်ရေးထိပ်တိုက်တွေ့မှုအသစ်အတွင်းသို့ တွန်းပို့လိုက်သလို ဖြစ်နေပြီး တီဟီရန်၏ ကာလရှည် နျူကလီးယားအငြင်းပွားမှုကို အနောက်အုပ်စုနှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်မည့် မျှော်လင့်ချက်များကိုလည်း ပိုမိုမှေးမှိန်သွားစေခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက အစ္စရေးနှင့် အီရန်တို့အကြား ၁၂ ရက်ကြာ လေကြောင်းစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ အကယ်၍ အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားနှင့် ဘဲလစ်စတစ်ဒုံးကျည် စီမံကိန်းများကို ဆက်လက်လုပ်ဆောင်နေပါက ထပ်မံတိုက်ခိုက်မည်ဟု အမေရိကန်နှင့် အစ္စရေးတို့က အကြိမ်ကြိမ် သတိပေးထားခဲ့ကြသည်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော အငြင်းပွားမှုကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေနိုင်သော စစ်ရေးထိပ်တိုက်တွေ့မှု အန္တရာယ်ကို ရှောင်လွှဲနိုင်ရန်အတွက် အမေရိကန်နှင့် အီရန်တို့သည် ဖေဖော်ဝါရီလအတွင်းက ဆွေးနွေးပွဲများကို ပြန်လည်စတင်ခဲ့ကြသည်။

သို့သော် အမေရိကန်နှင့် အီရန်တို့ကြား မည်သည့်သဘောတူညီချက်မဆိုတွင် ယူရေနီယံသန့်စင်မှု ရပ်တန့်ရုံသာမက တီဟီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံများကိုပါ ဖျက်သိမ်းခြင်း ပါဝင်ရမည်ဟု အစ္စရေးက အခိုင်အမာဆိုခဲ့ပြီး၊ ဆွေးနွေးပွဲများတွင် အီရန်၏ ဒုံးကျည်စီမံကိန်းအပေါ် ကန့်သတ်ချက်များ ထည့်သွင်းရန် ဝါရှင်တန်ကို တိုက်တွန်းခဲ့သည်။

အီရန်ဘက်ကမူ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးမည်ဆိုပါက ၎င်း၏ နျူကလီးယားစီမံကိန်းကို ကန့်သတ်ရန် ဆွေးနွေးရန်အသင့်ရှိသော်လည်း ဒုံးကျည်ကိစ္စနှင့် ဆက်စပ်ရန်မူ ပယ်ချခဲ့သည်။

ထို့ပြင် မည်သည့်တိုက်ခိုက်မှုကိုမဆို မိမိကိုယ်ကိုယ် ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း တီဟီရန်က ပြောကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ထားသည့် အိမ်နီးချင်းနိုင်ငံများကိုလည်း အီရန်က လက်တုံပြန်တိုက်ခိုက်မည်ဟု သတိပေးထားသည်။