တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က ခရီးသွားပြည်သူ ခုနစ်ဦးကို သတ်ဖြတ်ခဲ့ပြီး စစ်တပ်လော်ဘီများက PDF များ လက်ချက်ဟူ၍ သတင်းအမှား ဖြန့်ဝေနေကြသည်။
စစ်တပ်လော်ဘီ “ဟန်ငြိမ်းဦး” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဖေဖော်ဝါရီ ၂၈ရက် ညနေ ၄နာရီ ၅၀တွင် သတင်း အမှားဖြန့်ဝေထားခြင်းဖြစ်သည်။
သတင်းအမှားဖြန့်နေသော စစ်တပ်လော်ဘီများက Khit Thit Media ၏ သတင်းကို Screenshot ရိုက်ကူး၍ အဆိုပါဖြစ်စဉ်မှာ အခြေအမြစ်မရှိဘဲ လုပ်ကြံစွပ်စွဲထားခြင်းဖြစ်ကြောင်း၊ အရပ်သားပြည်သူ ခုနစ်ဦးကို သတ် ဖြတ်သွားသူသည် PDF များ ဖြစ်ကြောင်း ရေးသားဖြန့်ဝေနေခြင်းဖြစ်သည်။
သတင်းအမှားလင့်ခ် – https://archive.ph/Vwejf
အဆိုပါ သတင်းအမှားကို အခြားသော စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖြန့်ဝေနေကြ သဖြင့် ပျံ့နှံ့မှု များပြားလျက်ရှိသည်။
သတင်းအမှားလင့်ခ်များ
24 Hour News – https://archive.ph/5cUtQ
BaNyunt – https://archive.ph/NUR92
စစ်တပ်လော်ဘီများက ငြင်းဆန်၍ ဖြန့်နေသော အကြောင်းအရာကို MPA Fact-check team က အချက်အလက်စစ်ဆေးရာ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ထားသော သတင်းအမှားဖြစ်နေသည်။
သက်သေပြချက်
Khit Thit Media က တင်ထားသော “သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာအနီးတွင် စစ်တပ်က ခရီးသွားပြည်သူ ၇ဦးကို ပစ်သတ်ပြီး ရုပ်အလောင်းများကို တောထဲတွင် စွန့်ပစ်ခဲ့” ဆိုသည့် သတင်းတွင် ဖြစ်စဉ်အပြည့်အစုံကို ရေးသားထားသည်။
သတင်းလင့်ခ် – https://bitly.cx/RwMw
ထပ်မံအတည်ပြုနိုင်ရန်အတွက် Google တွင် “ထားဝယ်တွင် ပြည်သူ ၇ခုနစ်ဦး အသတ်ခံရ” ဟု ရေးသားရှာဖွေရာ ယုံကြည်စိတ်ချရသော သတင်းမီဒီယာများက ဖြစ်စဉ် အသေးစိတ်ကို ရေးသား ဖော်ပြထားကြသည်။
သတင်းများတွင် သရက်ချောင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းထိုးသော ရော်ဘာတောထဲတွင် အရပ်သားခုနစ် ဦး ပစ်သတ်ခံထားရကြောင်း၊ ကလိန်အောင်အခြေစိုက် ခမရ(၄၀၉) ခြေမြန်တပ်ရင်း စစ်ကြောင်းသည် သရက် ချောင်းမြို့နယ် မြိတ်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာစဉ် စုံစင်ဖျားရွာ မီးသတ်ရု့အနီးရှိ ရော်ဘာတောထဲတွင် တွေ့ရှိသော အရပ်သာ ခုနစ်ဦးကို ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အသတ်ခံထားရများတွင် အမျိုးသမီး ငါးဦး၊ အမျိုးသား နှစ်ဦးတို့ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများဖြစ်ကြောင်း၊ သေဆုံးသူများ၏ နားထင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံထားရသော ဒဏ်ရာများတွေ့ရှိကြောင်း သတင်းများ၌ ဖော်ပြထားကြသည်။
သတင်းလင့်ခ်များ
Dawei Watch – https://bitly.cx/9Y2B
မောင်း – https://bitly.cx/5Vcb
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
