လေကြောင်းရန်ကာကွယ်ရေးစနစ်မှ မှားယွင်းပစ်ခတ်မှုကြောင့် ကူဝိတ်တွင် အမေရိကန် F-15 တိုက်လေယာဉ် ပျက်ကျမှု သုံးစင်းအထိရှိ

ကူဝိတ်နိုင်ငံအတွင်း အီရန်၏ တိုက်ခိုက်မှုများကို ခုခံတွန်းလှန်နေစဉ်အတွင်း Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်မှ မိမိဘက်တော်သားချင်း မှားယွင်းပစ်ခတ်မှု (Friendly Fire) ကြောင့် အမေရိကန်လေတပ်မှ F-15E Strike Eagle တိုက်လေယာဉ် သုံးစင်း ပျက်ကျခဲ့ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ယနေ့( မတ် ၂ရက်)တွင် အတည်ပြု ထုတ်ပြန်လိုက်သည်။

ယမန်နေ့( မတ်လ ၁ ရက်)၊ အရှေ့ပိုင်းစံတော်ချိန် ည ၁၁နာရီ ၃ မိနစ်ခန့်တွင် “Operation Epic Fury” စစ်ဆင်ရေးကို ပံ့ပိုးကူညီနေသည့် အဆိုပါ တိုက်လေယာဉ်များသည် ကူဝိတ်ဝေဟင်၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က အီရန်ဘက်မှ တိုက်လေယာဉ်များ၊ ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်နေချိန်ဖြစ်ရာ ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ Patriot စနစ်က အမေရိကန် တိုက်လေယာဉ်များကို ရန်သူ့ပစ်မှတ်ဟု မှားယွင်း ယူဆခဲ့ခြင်းဖြစ်ကြောင်း CENTCOMက ထုတ်ပြန်ထားသည်။

လေယာဉ် သုံးစင်းပေါ်တွင် ပါရှိသော လေသူရဲ ၆ ဦးစလုံးသည် လေယာဉ်အတွင်းမှ အချိန်မီ အရေးပေါ်ခုန်ထွက်နိုင်ခဲ့ကာ၊ ၎င်းတို့ကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ဘေးကင်းစွာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး လက်ရှိတွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်တည်ငြိမ်လျက်ရှိကြောင်း CENTCOM က ဆိုသည်။

ကူဝိတ်အစိုးရက ယခုဖြစ်ရပ်အတွက် တာဝန်ရှိမှုကို အသိအမှတ်ပြုထားပြီး အမေရိကန်ဘက်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် အစွမ်းကုန်ကူညီပေးခဲ့သည့် ကူဝိတ်ကာကွယ်ရေးတပ်ဖွဲ့များကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

စစ်ဌာနချုပ်အနေဖြင့် ယခုကဲ့သို့ Patriot စနစ်က ပစ်မှတ်မှားယွင်းရခြင်း၏ အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကာ လိုအပ်သည့် သတင်းအချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမည်ဟု CENTCOMက ထုတ်ပြန်ထားသည်။