တော်လှန်ရေးအင်အားစုနှင့် ပြည်သူကို သွေးခွဲသပ်လျှိုရန် ဆိုရှယ်မီဒီယာအား ဒုတိယစစ်မျက်နှာအဖြစ် စစ်တပ် အသုံးချနေ

ဓာတ်ပုံ - MOI
ပုံစာ- မြဝတီရုပ်သံလွှင့်ဌာနသို့ မင်းအောင်လှိုင် ရောက်ရှိစစ်ဆေးနေစဉ်။(ပုံဟောင်း)

စစ်တပ်သည် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူကို သွေးခွဲသပ်လျှိုရန်အတွက် ဆိုရှယ်မီဒီယာ အား ဒုတိယစစ်မျက်နှာအဖြစ် အသုံးချကာ သတင်းတု၊သတင်းမှားနှင့် အကြောက်တရားများကို စနစ် တကျထိုးစစ်ဆင်လျက်ရှိကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့- MDSI က ဆိုသည်။

MDSI က ထုတ်ပြန်လိုက်သော “သတိပြုသင့်ဖွယ်ရာ စစ်ကောင်စီတပ် စိတ်ဓာတ်စစ်ဆင်ရေး” အစီ ရင်ခံစာတွင် အထက်ပါအတိုင်း ဖော်ပြထားသလို ယင်းစိတ်ဓာတ်စစ်ဆင်ရေးသည် လူထုအတွင်းသံ သယပွားစေရန်နှင့် တော်လှန်ရေးအင်အားစုများကြား ယုံကြည်မှုပျက်ပြားစေရန် ရည်ရွယ်သဖြင့် မိမိ တို့ရရှိလာသော သတင်းအချက်အလက်များကို မမျှဝေမီ စနစ်တကျ စိစစ်ရန် အထူးအရေးကြီး ကြောင်းလည်း ဆိုသည်။

သာဓကများအနေနှင့် ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KNDF) တို့ကြား သပ်လျှိုရန်တိုက်ပေးခြင်း၊ ကေအိုင်အေနှင့် TNLAတို့ကြား သပ်လျှိုသွေးခွဲခြင်းများကို အရှိန် အဟုန်ဖြင့် စနစ်တကျလုပ်ဆောင်ခဲ့ကြောင်းလည်း ဆိုသည်။

“မကြာသေးဘူး။မကြည်ပြာပြဿနာပေါ်လာတဲ့အချိန်မှာ ၆၈၀၀စား အကောင့်တုတွေက တော်လှန် ရေးအင်အားစုလိုလို ပြည်သူလိုလိုနဲ့ NUGကို ဖောင်းထုပြီး NUGနဲ့ တခြားတော်လှန်ရေးအဖွဲ့တွေ ကြား သွေးကွဲအောင် NUGကို ပြည်သူတွေ ယုံကြည်မှုလျော့အောင် နင်လားငါ လား သပ်လျှိုတော့ တယ်”ဟု နယ်စပ်အခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

စိတ်ဓာတ်စစ်ဆင်ရေးသည် ပြည်သူများ၏ ဆင်ခြင်တုံတရား ဝေဝါးနေချိန်နှင့် စိတ်လှုပ်ရှားမှု မြင့် တက်နေချိန်များတွင်သာ အခွင့်သာတတ်သဖြင့် ပြည်သူများအနေနှင့် စိတ်ပိုင်းဆိုင်ရာကာကွယ်ရေး တံတိုင်းကို ခိုင်မာစွာ တည်ဆောက်ထားရမည်ဟုလည်း အကြံပြုသည်။

လက်ရှိတွင် ဝါဒဖြန့်ချိရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတို့ကို စစ်တပ်သာမက စစ်ကော်မရှင်ပြန်ကြား ရေးအပါအဝင် ဌာနဆိုင်ရာအသီးသီးက ဘက်စုံမှ အသုံးချလျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာများကို စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်ချိရေးအတွက် အဓိကပလက်ဖောင်းများအဖြစ် ဖော်ဆောင်လျက် ရှိရာ သတင်းအမှားများထက် တစ်ဝက်မှန် တစ်ဝက်လိမ်သတင်းမျိုးက ပို၍ အန္တရာယ်ကြီးကြောင်း အစီရင်ခံစာ၌ ဖော်ပြ သည်။

စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာနသည် ခေတ်အဆက်ဆက် စစ်အာဏာ ရှင်များ သက်ဆိုးရှည်ရေးအတွက် ဝါဒဖြန့်ချိရေးနှင့် ဆန့်ကျင်ဘက် နိုင်ငံရေးအင်အားစုများကို သပ် လျှိုဖြိုခွဲနိုင်ရန် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းများအား အဓိကလုပ်ဆောင်ပေးသည့် ညွှန်ကြားရေးမှူး ရုံးအဆင့် ဌာနကြီးဖြစ်သည်။