အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် မြန်မာပြည်တွင်း စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပြီး အလုအယက်ဝယ်ယူနေကြ

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - မြဝတီမြို့မှာ စက်သုံးဆီပြတ်လပ်မည့်သတင်းကြောင့် အလုအယက်ဝယ်ယူနေစဉ်။(ပုံအဟောင်းအား အသုံးပြုထားသည်)

အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် မြန်မာပြည်တွင်း စက်သုံးဆီပြတ်လပ်မှု ရှိလာနိုင်သည့် စိုးရိမ်ချက်ကြောင့် မြို့နယ်အချို့တွင် စက်သုံးဆီဝယ်ယူရန် ခက်ခဲလာကြကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်များနှင့် ပြည်သူများက ပြောသည်။

နယ်စပ်မြို့တစ်ခုဖြစ်သည့် မြဝတီမြို့ပေါ်တွင် ယမန်နေ့( မတ် ၂ ရက်) ညပိုင်းကတည်းက စက်သုံးဆီဆိုင်အများစုကို ပိတ်ထားပြီး၊ အချို့ဆိုင်များကို ယနေ့နေ့လယ်ပိုင်းတွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည်။

“ညကတည်းက ဆိုင်အကုန်နီးပါး ပိတ်လိုက်တယ်။ အခုနေ့လယ် ၁ နာရီကျရင် အကန့်အသတ်နဲ့ပဲ ရောင်းပေးမယ်။ ဆိုင်ကယ်တစ်စီးကို တစ်သောင်းဖိုး၊ ကားတစ်စီးကို သုံးသောင်းဖိုးလား လေးသောင်းဖိုးလား ရောင်းပေးတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် MPA ကို ပြောသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် စက်သုံးဆီကို မှီခိုနေရသည့် ထိုင်းနယ်စပ်မြို့များတွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းကို နှိမ်နင်းရန်အတွက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ထိုင်းအာဏာပိုင်များက ဆီရောင်းချမှုကို ဖြတ်တောက်ထားသည်။

ထို့နောက် ပြည်မမှ တင်သွင်းလာသော စက်သုံးဆီကို အားကိုးနေရသည့် မြဝတီမြို့အပါအဝင် နယ်စပ်မြို့များတွင် ယခုကဲ့သို့ ကောလာဟလသတင်းကြောင့် စိုးရိမ်မှုများ ရှိနေသော်လည်း၊ အချို့မှာ ထိုင်းနယ်စပ်မြို့မှတစ်ဆင့် တရားမဝင် ခိုးဝယ်နေရကြောင်း ဆိုသည်။

“လိုင်စင်ကားတွေက မဲဆောက်ထဲ သွားကြတယ်ပေါ့၊ ဆီဝယ်ကြတာပေါ့။ ပြီးရင်တော့ ဒီဘက်မှာ ပုံးနဲ့ ပြန်ထုတ်ပြီး ပြန်ရောင်းကြတယ်။ ခါတိုင်း ကျွန်တော်ဝယ်တာ (၅) လီတာ တစ်ပုံးကို (၂၂,၀၀၀) ဝယ်ရတယ်။ အခုက (၃၇,၀၀၀) ပေးဝယ်ရတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်မြို့တော် ဘားအံမြို့တွင်လည်း စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အပါအဝင် မြို့နယ်အချို့တွင် စက်သုံးဆီကို အလုအယက် ဝယ်ယူနေကြပြီး လိုအပ်သလောက် ဝယ်ယူ၍ ရနေသေးကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။

“အခုထိတော့ ပုံမှန်ပဲ။ ဒါပေမဲ့ လူတွေက လန့်ပြီးတော့ ဒီနေ့မှာ ဆီစစုနေကြပြီ ပုံးတွေနဲ့။ အဓိက ဆီပြတ်မယ်ဆိုတဲ့ သတင်းကြောင့်ပေါ့။ ဆိုင်တွေကလည်း ပုံးအလိုက် ရောင်းပေးနေသေးတယ်။ ဆီဈေးလည်း မတက်သေးဘူး” ဟု ၎င်းက ပြောသည်။

သို့သော် နယ်မြို့အချို့တွင် အကန့်အသတ်ဖြင့် ရောင်းချမှုများ ရှိနေသည့်အတွက် အလုအယက် ဝယ်ယူမှုများ ရှိနေကြောင်း ဆိုသည်။

ကောလာဟလသတင်းများကြောင့် လူအများစုက စိုးရိမ်နေကြသော်လည်း မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက လိုအပ်သည့် ပမာဏအတိုင်း စက်သုံးဆီ အရန်သင့်ရှိနေကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့၏ ပြောဆိုချက်အရ သိရသည်။

ထို့အပြင် စစ်ရေးတင်းမာနေသည့် တနင်္သာရီတိုင်းရှိ နယ်မြို့အချို့တွင် ယခင်ကတည်းက စက်သုံးဆီဝယ်ယူရန် ခက်ခဲနေသော်လည်း၊ မြို့ပေါ်အချို့တွင် ယနေ့အထိ ဝယ်ယူရန် ရနေသေးကြောင်း မြိတ်မြို့ခံအချို့က ပြောသည်။

“လောလောဆယ်က ဝယ်လို့ရနေသေးတယ်။ အခြေအနေက စောင့်ကြည့်ရဦးမယ်။ ဘာဆက်ဖြစ်မလဲ သေချာမသိသေးဘူး။ ထားဝယ်ဘက်တော့ အလုအယက် ဝယ်နေတာရှိတယ်” ဟု မြိတ်မြို့ခံတစ်ဦးက ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပြောသည်။

အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ထိုင်းနိုင်ငံဘက်က မြန်မာအပါအဝင် နိုင်ငံအချို့ကို လောင်စာဆီတင်ပို့ခြင်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရပ်ဆိုင်းခဲ့သည်။

ပြည်မမှ တင်သွင်းရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေသည့် ကာလတွင် ထိုင်းနှင့် နယ်နိမိတ် ထိစပ်နေသည့် မြန်မာနယ်စပ်မြို့များအတွက် သက်ရောက်မှု ကြီးမားလာမည်ဟု သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

ထို့အပြင် အရှေ့အလယ်ပိုင်းအရေးသည် ရက်ရှည်လာသည်နှင့်အမျှ နိုင်ငံတစ်ဝန်းတွင် စက်သုံးဆီ ပြတ်လပ်မှုများ ကြုံတွေ့လာနိုင်သော်လည်း စစ်ကော်မရှင်က ကြိုတင်ပြင်ဆင်မှုများ မည်ကဲ့သို့ လုပ်ဆောင်ထားသည်ကို အသိပေးထုတ်ပြန်ခြင်း မရှိသေးပေ။