အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီ တင်သွင်းရာ ရေလမ်းကြောင်းများတွင် အတားအဆီးနှင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိရာ ပြည်တွင်း၌ စက်သုံးဆီ ဖူလုံမှုရှိစေရန်ဟုဆိုကာ စုံရက်များတွင် စုံဂဏန်းအက္ခရာယာဉ်နှင့် မရက်များတွင် မဂဏန်းအက္ခရာယာဉ်များ မောင်းနှင်ရန် စစ်ကော်မရှင်က ယနေ့( မတ် ၃ရက်)တွင် ထုတ်ပြန်ထားသည်။
အဆိုပါ စည်းကမ်းသတ်မှတ်ချက်များကို ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် မှ စတင်ကာ ထပ်မံညွှန်ကြားချက် မရမချင်း အတည်ပြု ကျင့်သုံးသွားမည်ဖြစ်သည်။
သတ်မှတ်ချက်အရ ပုဂ္ဂလိကယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များသည် လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသော ယာဉ်များသာ မောင်းနှင်ရမည်ဖြစ်ပြီး၊ လစဉ် “မ” ရက်များတွင် မနံပါတ်အက္ခရာပါသော ယာဉ်များသာ မောင်းနှင်ရမည်ဟု စစ်ကော်မရှင်က သတ်မှတ်ထားသည်။
သို့သော် လျှပ်စစ်သုံး မော်တော်ယာဉ် (EV) များနှင့် ဆိုင်ကယ်များကိုမူ ကန့်သတ်ချက်မရှိ နေ့စဉ် မောင်းနှင်ခွင့် ပြုထားသည်။
ထို့ပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်သော ဘတ်စ်ကားများ၊ တက္ကစီ (Taxi) များ၊ လူနာတင်ယာဉ်များ၊ ဆီသယ်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်းယာဉ်များမှာမူ ဤကန့်သတ်ချက်တွင် မပါဝင်ဘဲ နေ့စဉ် မောင်းနှင်အသုံးပြုနိုင်မည်ဟု စစ်ကော်မရှင်က ဆိုထားသည်။
ယင်းအပြင် စက်သုံးဆီများကို ဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများကို လုံးဝမပြုလုပ်ရန် တားမြစ်ထားပြီး၊ စည်းကမ်းဖောက်ဖျက်သူများကို တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထားသည်။
