စစ်မှုမထမ်းလိုသည့် လွိုင်ကော်မြို့နေ ဒေသခံများအား စစ်ကော်မရှင်က ထွက်ပေါက်ပိတ်ကာ ပေါ်တာဆွဲနေကြောင်း လွိုင်ကော်မြို့နေ ဒေသခံများက ပြောသည်။
ယခုလ ၁ ရက်နေ့မှစတင်ပြီး စစ်ကော်မရှင်တပ်မှ လွိုင်ကော်မြို့၊ ရပ်ကွက် ၁၃ ခု၏ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လွိုင်ကော်မြို့နေပြည်သူများကို စစ်မှုထမ်းခိုင်းမည်မဟုတ်ကြောင်း ပြောဆိုခိုင်းခဲ့ပြီး၊ နေရပ်စွန့်ခွာ တိမ်းရှောင်ခြင်းမပြုရန် လိမ်လည်မှာကြားခဲ့ကြောင်း လွိုင်ကော်မြို့နေ အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အမိန့်ပေးတာမျိုးမဟုတ်ဘဲ အုပ်ကြီးတွေကို မှာထားတာပေါ့။ နီးစပ်ရာလူတွေကို စစ်မှုထမ်းခေါ်မှာမဟုတ်ဘူး၊ မပြေးကြနဲ့ မြို့ထဲမှာပဲနေကြလို့ ပြောခိုင်းတာ။ တကယ်လို့ မြို့ကနေရှောင်မယ်လို့ ပြောဆိုသံကြားရင်လည်း စရဖကို ချက်ချင်းဆက်သွယ်ပြီး ဖမ်းဖို့ပြောခိုင်းတာ။ အုပ်ကြီးတချို့ကတော့ ကြောက်လို့ သူတို့လုပ်တာမဟုတ်ဘဲ မှာလို့သာလုပ်ရတယ်ဆိုပြီး ပြန်ပြောကြတာ” ဟု ၎င်းက ပြောသည်။
လွိုင်ကော်မြို့ပေါ်နေ ပြည်သူများအား စစ်ကော်မရှင်မှ မြို့ဝင်ဂိတ်များအား ဖြတ်သန်းသွားလာခွင့်များကို ကန့်သတ်ထားပြီး၊ ဖြတ်သန်းသွားလာသူများ၏ မှတ်ပုံတင်များကို ယာယီသိမ်းဆည်းခြင်း၊ မော်တော်ယာဉ်များအား ဖြတ်သန်းခွင့်မပြုခြင်းနှင့် ပျံကျဈေးသည်များအား မြို့ပြင်ပထွက်ခွာခွင့်မပြုခြင်းတို့ကို ယခုလမှစတင်ကာ ကြပ်မတ်ထားကြောင်း လွိုင်ကော်မြို့နေ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
“အခုက အမျိုးသားတွေဆို သွားရလာရအရမ်းကျပ်သွားတယ်၊ ဂိတ်မှာတစ်ခုခုလွဲတာနဲ့ စစ်မှုထမ်းထဲဆွဲထည့်မှာကြောက်တာပေါ့။ အရင်ကဆို ဒီးမော့ဆိုဘက်သွားရင် မှတ်ပုံတင်နဲ့ရုပ်ကိုပဲ တိုက်စစ်တာ၊ အခုကျ မြို့ဂိတ်ကိုဖြတ်တာနဲ့ မှတ်ပုံတင်ထားခဲ့ ပြန်လာမှယူပေါ့။ နောက်တစ်ခုကျတော့ ကျည်းဘောင်ကားတွေကို လုံးဝမသွားခိုင်းဘူး၊ ကုန်အနည်းငယ်တော့ တင်ခွင့်ပေးတယ်။ ဆိုင်ကယ်ဆို tool box တွေကို ဖွင့်စစ်တယ်၊ ဆင်းတွန်းခိုင်းတယ်။ ပျံကျဈေးသည်တွေကိုတောင် ဈေးရောင်းစရာတွေထားခဲ့ လူချည်းပဲသွားခိုင်းတော့တယ်၊ အဲ့ဒါ အမျိုးသမီးတွေကိုနော်။ တချို့ဆို ရုံးပိုင်းဆိုင်ရာဝန်ထမ်းနဲ့ အမျိုးတွေကြီးပဲ သူတို့တောင်သွားမရဘူး” ဟု ၎င်းက ပြောသည်။
ယခုလအတွင်း စစ်ကော်မရှင်တပ်မှ လွိုင်ကော်မြို့ပေါ်တွင် ကင်းပုန်းများဖြန့်ထားပြီး၊ လောပိတသွားသည့် လမ်းမကြီးပေါ်ရှိ တောင်ဈေးအနီးတွင် ပြည်သူများအား အကြောင်းပြချက်မရှိ ဖမ်းဆီးနေကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ကင်းပုန်းချတာကို အစက ဘွဲ့ယူတာအတွက်ချတယ်ထင်တာ၊ ကင်းပုန်းက ၆ ဖွဲ့ပေါ့၊ ဒီနေ့အထိ ပြန်မရုတ်သေးဘူး၊ အရပ်ဝတ်နဲ့ပါပဲ။ တပ်နဲ့ရဲနဲ့ပေါင်းပြီး ကင်းပုန်းတွေချထားတာပေါ့။ ဆိုလစယ်ဂိတ်နားက ဆေးရုံရှေ့မှာလည်း ရဲတွေကို နေ့ကင်းယူခိုင်းတယ်၊ ကင်းစခန်းတော့ မစောင့်ဘူး နိုင်ငံတော်အလံပဲထောင်ထားတာ။ တောင်ဈေး ညောင်ပင်မှာဆို ညကင်းချထားတယ်။ ပေါ်တာက မဆွဲတာကြာပြီ၊ တစ်ရက်နေ့မှ စဆွဲတာပေါ့။ လကက ညဆို သရဲလိုခြောက်နေတာ သုံးလေးရက်ရှိပြီ။ ဘီလူးချောင်းကမ်းမှာ စရဖ၊ စစစ၊ SB၊ ဒန၊ ငါးဆယ်စား၊ တစ်ခုခုစား ငါးမျှားနေကြတယ်။ သတိထားသွားလာကြပါ” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ကော်မရှင်တပ်မှ လွိုင်ကော်မြို့၊ တောင်ဈေးလမ်းဆုံအနီးရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရဲများအား အရပ်ဝတ်ဖြင့် အသွင်ယူစုံစမ်းမှုများ ပြုလုပ်ခိုင်းလျက်ရှိကြောင်း MPA က သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်မှ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ ကုန်ပစ္စည်းပို့ဆောင်လိုသူများကို စည်ပင်ဌာနတွင် စာရင်းတင်ခိုင်းကာ ပို့ဆောင်လိုသည့် ကုန်စည်စာရင်းများကိုပါ ဖော်ပြခိုင်းပြီး၊ ကုန်ပိုတင်ပါက ဒဏ်ငွေ ၁၀ သိန်းပေးဆောင်ရမည်ဟု ပြောဆိုထားကြောင်း လွိုင်ကော်ကုန်သည်များက ပြောသည်။
