လစ်ဗျားနှင့် မော်လ်တာနိုင်ငံကြားတွင် ရုရှား LNG သင်္ဘောတစ်စင်း ပေါက်ကွဲနစ်မြုပ်၊ ယူကရိန်းကြောင့်ဟု ရုရှားစွပ်စွဲ

လစ်ဗျားကမ်းရိုးတန်းနှင့် အိမ်နီးချင်း မော်လ်တာနိုင်ငံတို့ကြား မြေထဲပင်လယ်အတွင်း၌ “Arctic Metagaz” အမည်ရှိ ရုရှားသဘာဝဓာတ်ငွေ့တင် (LNG) သင်္ဘောတစ်စင်း နစ်မြုပ်သွားခဲ့ကြောင်း လစ်ဗျားအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ရုရှား၏ ထုတ်ပြန်ချက်အရ အဆိုပါသင်္ဘောသည် လစ်ဗျားကမ်းလွန်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသည့် အမှုထမ်း ၃၀ ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။

လစ်ဗျားဆိပ်ကမ်းအာဏာပိုင်များ၏ ပြောကြားချက်အရ အဆိုပါသဘာဝဓာတ်ငွေ့တင်သင်္ဘောသည် ဆတ်တ် (Sirte) ဆိပ်ကမ်း၏ မြောက်ဘက်တွင် ရုတ်တရက် ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

Arctic Metagaz သင်္ဘောသည် ရုတ်တရက် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် ကြီးမားသော မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကာ အင်္ဂါနေ့ညတွင် လုံးဝနစ်မြုပ်သွားခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။

အဆိုပါသင်္ဘောသည် ဆတ်တ်ဆိပ်ကမ်း၏ မြောက်ဘက် ၁၃၀ ရေမိုင် (၂၄၀ ကီလိုမီတာ) ခန့်အကွာ၊ လစ်ဗျား၏ ရှာဖွေကယ်ဆယ်ရေးဇုန်အတွင်းရှိ လစ်ဗျားနှင့် မော်လ်တာနိုင်ငံကြား ရေပြင်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်္ဘောသည် အင်္ဂါနေ့ညနှောင်းပိုင်းတွင် ဆိပ်ကမ်းနှင့် ရေတပ်အာဏာပိုင်များထံသို့ အရေးပေါ်အကူအညီတောင်းခံစာ (Distress Calls) အများအပြား ပေးပို့ခဲ့သည်။ မော်လ်တာလက်နက်ကိုင်တပ်ဖွဲ့များကလည်း သင်္ဘောထံမှ အကူအညီတောင်းခံစာကို လက်ခံရရှိခဲ့ပြီး သင်္ဘောရှိရာနေရာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

သင်္ဘောခြေရာခံသည့် အချက်အလက်များအရ ယခုနစ်မြုပ်သွားသည့် သင်္ဘောသည် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန်အတွက် ကရင်မလင်နန်းတော်က အသုံးပြုနေသည့် အရိပ်အယောင် စွမ်းအင်သင်္ဘောအုပ်စု (Shadow fleet) တွင် ပါဝင်သည်ဟု သံသယရှိရပြီး နောက်ဆုံးရရှိသည့် သတင်းများအရ မော်လ်တာကမ်းလွန်တွင် ခုတ်မောင်းနေခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကမူ ယူကရိန်းသည် လစ်ဗျားကမ်းရိုးတန်းမှနေ၍ ရေတပ်သုံးဒရုန်းများ (Naval drones) ဖြင့် သင်္ဘောကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

အဆိုပါသင်္ဘောသည် ရုရှားမြောက်ပိုင်းရှိ မူမန့်စ်ခ် (Murmansk) ဆိပ်ကမ်းမှ ကုန်စည်များတင်ဆောင်ကာ ထွက်ခွာလာခြင်းဖြစ်သည်ဟု မော်စကိုက ပြောကြားခဲ့သော်လည်း ယူကရိန်းစစ်တပ်ဘက်မှမူ ယခုသတင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။