FBI ၏ ထောက်လှမ်းရေးကွန်ရက်ကို တရုတ်က ဖောက်ထွင်းခဲ့သည်ဟု အမေရိကန် သံသယရှိနေ

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ပြည်တွင်းထောက်လှမ်းရေး အမိန့်ဒီကရီအချို့နှင့် သက်ဆိုင်သည့် အချက်အလက်များ သိမ်းဆည်းထားသော အတွင်းပိုင်း ကွန်ပျူတာကွန်ရက်တစ်ခု ဆိုင်ဘာတိုက်ခိုက်ခံရမှုတွင် တရုတ်အစိုးရနှင့် ဆက်နွှယ်နေသည့် ဟက်ကာများက လုပ်ဆောင်သည်ဟု အမေရိကန် စုံစမ်းစစ်ဆေးရေးမှူးများက ယုံကြည်နေကြောင်း Wall Street Journal က မတ်လ ၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ ကျူးကျော်ဝင်ရောက်မှု၏ အတိုင်းအတာနှင့် ပြင်းထန်မှုကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုမှာလည်း အစောပိုင်းအဆင့်တွင်သာ ရှိသေးကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

ရိုက်တာသတင်းဌာနက လေ့လာခွင့်ရခဲ့သော ယခုသီတင်းပတ်အတွင်း FBI မှ လွှတ်တော်သို့ ပေးပို့သည့် အကြောင်းကြားစာ မိတ္တူအရ ၎င်းတို့၏ ကွန်ရက်အတွင်းရှိ ပစ်မှတ်ထားခံရသော စနစ်တစ်ခုတွင် ပုံမှန်မဟုတ်သော Log activity (ဝင်ရောက်မှုမှတ်တမ်း) များကို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် FBI က စတင်စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဟက်ကာများသည် FBI ၏ စုံစမ်းစစ်ဆေးမှုခံနေရသူများ၏ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်များ ပါဝင်သော လျှို့ဝှက်အဆင့် (Unclassified) မသတ်မှတ်ထားသည့် စနစ်တစ်ခုကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

FBI က ဟက်ကာများ၏ နည်းပညာကို “ရှုပ်ထွေးနက်နဲသည်” ဟု ဖော်ပြခဲ့ပြီး ကုစားမှုများနှင့် မှုခင်းဆိုင်ရာ စစ်ဆေးမှုများ (Forensic investigations) ကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်၊ အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA)၊ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန၏ ဆိုင်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီ (CISA) နှင့် FBI တို့သည် ဤကိစ္စနှင့် ပတ်သက်၍ ပူးပေါင်းစုံစမ်းစစ်ဆေးနေကြောင်း Politico သတင်းဌာနက ဖော်ပြခဲ့သည်။

အစိုးရအနေဖြင့် “အမေရိကန်အပေါ် ကျရောက်လာမည့် မည်သည့် ဆိုင်ဘာခြိမ်းခြောက်မှုကိုမဆို ဆွေးနွေးရန် အစည်းအဝေးများကို ပုံမှန်ကျင်းပလေ့ရှိသည်” ဟု ဆိုသော်လည်း တိကျသော ဖြစ်ရပ်တစ်ခုခု သို့မဟုတ် အစည်းအဝေးတစ်ခုခု၏ အသေးစိတ်အချက်အလက်များကိုမူ ဆွေးနွေးမည်မဟုတ်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြော ပြောကြားခဲ့သည်။