အမေရိကန်နှင့် အစ္စရေးတို့ကို အီရန်အရှုံးပေးမည်မဟုတ်ဟု အီရန်သမ္မတ ပြောကြား

အီရန်အနေဖြင့် အစ္စရေးနှင့် အမေရိကန်တို့ကို မည်သည့်အခါမျှ အရှုံးပေးမည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အရှေ့အလယ်ပိုင်းစစ်ပွဲ ဒုတိယပတ်အတွင်းသို့ ဝင်ရောက်လာသည့် မတ်လ ၇ ရက်တွင် ပြောကြားခဲ့သည်။

အီရန်၏ ရန်သူများသည် “အီရန်ပြည်သူများ ခြွင်းချက်မရှိ အရှုံးပေးလိမ့်မည်ဟူသော ၎င်းတို့၏ ဆန္ဒကို သုသာန်အထိ သယ်ဆောင်သွားကြရလိမ့်မည်” ဟု သမ္မတ ပီဇက်ရှ်ကီယန်က နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတ ပီဇက်ရှ်ကီယန်သည် ခါမေနီ သေဆုံးပြီးနောက်ပိုင်း အီရန်နိုင်ငံကို တာဝန်ယူအုပ်ချုပ်နေသည့် ယာယီဦးဆောင်မှုကောင်စီ အဖွဲ့ဝင် သုံးဦးအနက် တစ်ဦးဖြစ်သည်။

ထို့အပြင် သမ္မတ ပီဇက်ရှ်ကီယန်က မိန့်ခွန်းအတွင်း အီရန်က ပြီးခဲ့သည့် ရက်များတွင် အိမ်နီးချင်းနိုင်ငံများကို တိုက်ခိုက်မှုများအတွက် တောင်းပန်ခဲ့ပြီး အဆိုပါနိုင်ငံများမှတစ်ဆင့် တိုက်ခိုက်မှုများ စတင်လာခြင်းမရှိပါက ၎င်းတို့ကို ပစ်မှတ်ထားတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမည်နဲ့ရော အီရန်နိုင်ငံကိုယ်စားပါ အီရန်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ အိမ်နီးချင်းနိုင်ငံတွေကို တောင်းပန်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ယာယီဦးဆောင်မှုကောင်စီအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာ ထပ်မံတိုက်ခိုက်တာမျိုး လုပ်မှာမဟုတ်သလို အဲဒီနိုင်ငံတွေကနေ အီရန်အပေါ် တိုက်ခိုက်တာမျိုး မရှိဘူးဆိုရင် ဒုံးကျည်တွေနဲ့ ပစ်ခတ်မှာမဟုတ်ဘူးလို့ မနေ့က သဘောတူညီခဲ့ကြပါတယ်” ဟုလည်း သမ္မတ ပီဇက်ရှ်ကီယန်က ပြောကြားသည်။