စွမ်းအင်လိုအပ်ချက်အတွက် အရန်ရေနံလက်ကျန်များ ထုတ်ရောင်းပေးနိုင်သည်ဟု G-7 အဖွဲ့ ကမ်းလှမ်းထား

ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကို အထောက်အကူပြုရန်အတွက် မဟာဗျူဟာမြောက် အရန်ရေနံလက်ကျန်များ ထုတ်ပေးခြင်းအပါအဝင် လိုအပ်သော မည်သည့်အရေးယူဆောင်ရွက်မှုကိုမဆို လုပ်ဆောင်ရန် အသင့်ရှိကြောင်း G-7 စက်မှုထိပ်သီးနိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများက မတ်လ ၉ ရက်တွင်ပြောကြားသည်။

သို့သော် လက်ရှိတွင် အရန်ရေနံများ ထုတ်ပေးရမည့် အခြေအနေသို့မူ မရောက်ရှိသေးဟုလည်း အဆိုပါနိုင်ငံများက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ စွမ်းအင်ဈေးကွက်အတွင်းက အခြေအနေတွေနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး၊ သတင်းအချက်အလက် ဖလှယ်ဖို့နဲ့ G-7 အဖွဲ့ဝင်နိုင်ငံတွေအကြားမှာရော နိုင်ငံတကာ မဟာမိတ်တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်သလို တွေ့ဆုံသွားမှာဖြစ်ပါတယ်” ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အရန်ရေနံလက်ကျန်များ ထုတ်ပေးခြင်းကဲ့သို့သော ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကို အထောက်အကူပြုမည့် လုပ်ဆောင်ချက်များအပါအဝင် လိုအပ်သော အစီအမံများကို လုပ်ဆောင်ရန် အသင့်ရှိနေပါသည်” ဟုလည်းလည်း ဆက်လက်ဖော်ပြထားသည်။

G-7 ဘဏ္ဍာရေးဝန်ကြီးများသည် မတ်လ ၉ ရက်နေ့က ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံခဲ့ကြပြီး အရှေ့အလယ်ပိုင်းပဋိပက္ခ၊ ယင်းပဋိပက္ခ၏ ဒေသတွင်းတည်ငြိမ်မှုနှင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုများ၊ ဘဏ္ဍာရေးဈေးကွက်များနှင့် လုံခြုံစိတ်ချရသော ကုန်သွယ်မှုလမ်းကြောင်းများ၏ အရေးပါပုံတို့ကို ဆွေးနွေးခဲ့ကြသည်။

လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်သော ပြင်သစ်နိုင်ငံကမူ အရန်ရေနံများ ထုတ်ပေးရန် စီစဉ်ရမည့် အဆင့်သို့ မရောက်သေးကြောင်း ပြောကြားခဲ့သည်။

Brent ရေနံစိမ်းဈေးနှုန်းသည် မတ်လ ၉ ရက်နေ့က ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း၊ အရန်ရေနံများ ထုတ်ပေးနိုင်ခြေကို G-7 က ဆွေးနွေးမည်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက် ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) နှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) တို့မှ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြသည်။

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဆော်ဒီအာရေးဗီးယား၊ ကူဝိတ်၊ အီရတ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကဲ့သို့သော ရေနံအဓိကထုတ်လုပ်သည့် နိုင်ငံများမှာ ထုတ်လုပ်မှု လျှော့ချခဲ့ရပြီး၊ ရေနံဈေးကွက်၏ အရေးအပါဆုံး ကုန်သွယ်မှုလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြား မှာလည်း အီရန်၏ ပိတ်ဆို့ခြင်း ခံထားရသည်။

ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ရိုလန် လက်စ်ကျူးက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အားလုံးစိတ်အေးစေရန် ပြတ်သားပြီး ခိုင်မာသည့် သတင်းစကား ပေးပို့ရခြင်းဖြစ်ကြောင်းနှင့် အမေရိကန် သို့မဟုတ် ဥရောပတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုအပိုင်း၌ ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။

ပုံမှန်အားဖြင့် အရန်ရေနံလက်ကျန်များ စုပေါင်းထုတ်ပေးခြင်းကို IEA က ကြီးကြပ်လေ့ရှိသည်။ အစည်းအဝေးအပြီးတွင် IEA အကြီးအကဲ ဖာတစ် ဘီရောလ်က ဟော်မုဇ်ရေလက်ကြား အခြေအနေသည် ရေနံဈေးကွက်အတွက် “ကြီးမားပြီး မြင့်တက်လာနေသော” အန္တရာယ်တစ်ခု ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

မဟာဗျူဟာမြောက် အရန်ရေနံများကို စုပေါင်းထုတ်ပေးခြင်းကို ယခင်က ငါးကြိမ်သာ ပြုလုပ်ခဲ့ဖူးပြီး၊ ၂၀၂၂ ခုနှစ် ရုရှား၏ ယူကရိန်းကျူးကျော်မှုအတွင်း နှစ်ကြိမ်ပြုလုပ်ခဲ့ခြင်း ပါဝင်သည်။

ထို့ပြင် လစ်ဗျားနိုင်ငံ၏ ထောက်ပံ့မှုပြတ်တောက်ခြင်း၊ ဟာရီကိန်း ကက်ထရီနာ တိုက်ခတ်ခြင်းနှင့် ပထမပင်လယ်ကွေ့စစ်ပွဲများအတွင်းကလည်း အရန်ရေနံများကို ထုတ်ယူသုံးစွဲခဲ့ဖူးသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ ပြတ်တောက်မှုများ၏ သက်ရောက်မှုကို တစ်ကမ္ဘာလုံးရှိ စားသုံးသူများ ခံစားနေရပြီဖြစ်ပြီး၊ စက်သုံးဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းရခြင်းနှင့် လေယာဉ်ဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လေယာဉ်လက်မှတ်ခများလည်း ဈေးကြီးလာခဲ့သည်။

ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ပမာဏ အလားတူအချို့မှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနိုင်ခြင်းမရှိသဖြင့် ယခုအခြေအနေမှာ ရေနံဈေးကွက်သမိုင်းတွင် အပြင်းထန်ဆုံး အကျပ်အတည်းများထဲမှ တစ်ခုဖြစ်နေသည်။

ပေါ်တူဂီဘဏ္ဍာရေးဝန်ကြီး ဂျွာကင် မီရန်ဒါ ဆာမန်တိုကမူ အရန်ရေနံများကို ထောက်ပံ့မှု အလွန်နည်းပါးသည့် အခြေအနေမျိုးအတွက် ထိန်းသိမ်းထားရန် အရေးကြီးကြောင်း သတိပေးခဲ့ပြီး “လက်ရှိမှာ ကျွန်တော်တို့ဆီမှာ ရေနံထောက်ပံ့မှု ပြဿနာမရှိပါဘူး၊ ရေနံဈေးကွက်က ဈေးနှုန်းတွေနဲ့ပဲ ပြဿနာရှိနေတာပါ” ဟု ပြောကြားခဲ့သည်။