ဒစ်ဂျစ်တယ် မိုဘိုင်းဘဏ်အကောင့်များတွင် အနည်းဆုံးလက်ကျန်ငွေ ဘတ် ၂,၀၀၀ ထားရှိရမည်ဆိုသည့် ကန့်သတ်ချက်ကို ဟူသော Bangkok Bank က အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ယနေ့ မတ်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကန့်သတ်ချက်ကို မူလက ဧပြီလ ၉ ရက်နေ့တွင် စတင်ကျင့်သုံးရန် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ကန့်သတ်ခံရပါက အကောင့်အတွင်း လက်ကျန်ငွေ ဘတ် ၂,၀၀၀ အောက်လျော့နည်းနေသော အကောင့်ပိုင်ရှင်များအနေဖြင့် မိုဘိုင်းဘဏ်စနစ်ဖြင့် ငွေထုတ်ယူခြင်း သို့မဟုတ် ငွေလွှဲပြောင်းခြင်းများကို ပြုလုပ်နိုင်တော့မည်မဟုတ်ပေ။
သို့သော် အဆိုပါကန့်သတ်ချက်သည် လူထုအကြား ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်ခဲ့ပြီး အထူးသဖြင့် အကောင့်အတွင်း လက်ကျန်ငွေ ဘတ် ၂,၀၀၀ အမြဲမထားရှိနိုင်သော ဝင်ငွေနည်းပါးသူများ၏ အခွင့်အရေးနှင့် ပတ်သက်၍ သုံးစွဲသူများက မကျေမနပ် တိုင်ကြားမှုများ ရှိခဲ့သည်။
ဘန်ကောက်ဘဏ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးချိုင်ယာရစ် အနုချစ်ဝေါရာဝန်းက e-Savings နှင့် Bualuang Extra Digital အကောင့်များတွင် ယခုကဲ့သို့ ကန့်သတ်ချက်ထားရှိရန် စီစဉ်ခဲ့ခြင်းမှာ လိမ်လည်လှည့်ဖြားသူများက အဆိုပါအကောင့်များကို ငွေကြေးခဝါချမှုများတွင် အသုံးပြုခြင်း (Mule Accounts) မှ ကာကွယ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
သို့သော် အဆိုပါလုပ်ဆောင်ချက်ကြောင့် အခြားသောအကောင့်ပိုင်ရှင်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်စေနိုင်သည့်အတွက် ဘဏ်အနေဖြင့် ပြန်လည်သုံးသပ်ကာ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
